အဓမ္မပြုကျင့်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူစေလိုကြောင်း အမျိုးသမီးအရပ်ဖက်အဖွဲ့များပြော

အဓမ္မပြုကျင့်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူစေလိုကြောင်း အမျိုးသမီးအရပ်ဖက်အဖွဲ့များပြော

ရခိုင်ပြည်နယ်တွင် အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို အရေးယူဆောင်ရွက်ရာ၌ အားနည်းမှုများရှိနေခြင်းကြောင့် ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ အဓမ္မကျူးလွန်သူကို အရေးယူဆောင်ရွက်မှု အားနည်းခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားသူများပြားလာသဖြင့် စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးများ လုံခြုံမှုမရှိခြင်း၊ အသိပညာဗဟုသုတအားနည်းခြင်း စသည်တို့ကြောင့် အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်များဆက်လက်ဖြစ်ပေါ်နေရကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက သုံးသပ်ပြောကြားသည်။

“အဓိကပြောချင်တာက မုဒိမ်းမှုကျူးလွန်သူကို မှတ်လောက်သားလောက်တဲ့ ပြစ်ဒဏ်မျိုးချမှတ်သင့်တယ်။ ဒါကိုလည်း အများပြည်သူသိအောင်လုပ်သင့်တယ်။ အဲဒါမှ မုဒိမ်းမှုဖြစ်စဉ်တွေ လျော့နည်းသွားမှာ” ဟု ၎င်းကဆိုသည်။

အဓမ္မပြုကျင့်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူဆောင်ရွက်မှု အားနည်းနေခြင်းမှာ ကျူးလွန်မှုများ ဆက်လက်ဖြစ်ပွားစေရန် အခွင့်အရေးပေးနေခြင်းနှင့်တူသည်ဟုလည်း စောစံငြိမ်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံဖြစ်သူ ဦးမောင်လှဖြူထံမှ သိရသည်။

“အဲဒီမိန်းကလေးငယ်ကိုရိုက်နှက်ပြီး အဓမ္မပြုကျင့်ဖို့ကြံစည်တယ်။ ကြံစည်တဲ့သူကိုဖမ်းဆီးပြီး ရဲစခန်းပို့လိုက်တယ်” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ လုံခြုံမှုမရှိခြင်းနှင့် စခန်းပြင်ပသွားရောက်ပြီး ဝမ်းစာရှာဖွေရသည့်အမျိုးသမီးများမှာ လုံခြုံမှုမရှိကြောင်း ပြောကြားသည်။

“ကျမတို့မှာ စခန်းထဲနေရင်လည်း လုံခြုံမှုမရှိဘူး။ လူတွေအများကြီးထဲမှာ ကောင်းတဲ့သူလည်းပါမယ်။ ဆိုးတဲ့သူလည်းပါမယ်လေ။ ရေချိုးရင် ဘယ်သူကများ ချောင်းကြည့်နေမလဲလို့ စိုးရိမ်နေရတယ်” ဟု ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် သိမ်းချောင်းကျေးရွာမှ မခိုင်သန်းဖြူကဆိုသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေကန်တစ်ကန်သာရှိသည့်အတွက် ပွင့်လင်းရာသီရောက်ပါက အမျိုးသမီးများမှာလည်း ချောင်းသို့သွားပြီးရေချိုးကြရသည်ဟု ယင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူများထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းတွင်နေထိုင်နေကြသူများမှာ စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသလို အဓမ္မပြုကျင့်ခံရမည်ကိုလည်း စိုးရိမ်ပူပန်နေရကြောင်း ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

“မုဒိမ်းမှုဖြစ်ပွားတာတွေကို အစိုးအဆက်ဆက် ထိရောက်စွာ အရေးယူဆောင်ရွက်တာမတွေ ့ရဘူး။ အခုလို အုပ်ချုပ်ရေးတည်ငြိမ်မှုမရှိတဲ့ကာလဆိုရင် ပိုပြီးတော့ဖြစ်လာမှာပေါ့“ ဟု ၎င်းကဆိုသည်။

အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာပပျောက်ရေးအတွက် အစိုးရအပါအဝင် ဌာနဆိုင်ရာအဖွဲ ့အစည်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အမျိုးသမီးများလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို တာဝန်ယူဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ဒေါ်ညိုအေးက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် မေလက ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရုံစစ်ဘေးရှောင်စခန်းမှ အသက် ၂၇ နှစ်အရွယ် အမျိုးတစ်ဦးနှင့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ အဓမ္မပြုကျင့်ခံခဲ့ရသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ မှုခင်းစာရင်းမှတ်တမ်းအရ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က မုဒိမ်းမှု ၃၈ မှုဖြစ်ပွားခဲ့ပြီး ယခုနှစ် ကိုးလတာအတွင်း မုဒိမ်းမှု ၁၂ မှုဖြစ်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဥပဒေရေးရာကုစားရေးအဖွဲ့ (LCM) ၏စာရင်းအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ အထိ လူတစ်ဦးချင်းတိုင်ကြားလာသည့် အမှုပေါင်း ၁၈၄ မှုနှင့် ဖုန်းဖြင့်တိုင်ကြား၍ အကြံပေးသည့်အမှုပေါင်း ၅၉၉ မှုရှိကြောင်း၊ ယင်းအထဲတွင် စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတို့ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိနေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ရှစ်သောင်းသုံးထောင်ကျော်ကျန်ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းအရ သိရသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...