လက္ကာကျေးရွာသား ၂၀ ကျော်ကိုစွဲဆိုထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

လက္ကာကျေးရွာသား ၂၀ ကျော်ကိုစွဲဆိုထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်ကို စွဲဆိုထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအမှုကို လာမည့် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် မင်းထီး Law Firm အဖွဲ့မှ သိရသည်။

လက္ကာကျေးရွာသားများကို ယနေ့အောက်တိုဘာလ ၂၈ ရက်နေ့ရုံးချိန်းတွင် ၄င်းတို့ကိုစွဲဆိုထားသည့် ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ တို့အတွက် အပြီးသတ်လျှောက်လဲပေးပြီး ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုများမှာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်သည့်အတွက် လာမည့်နိုဝင်ဘာလ ၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ကြောင်း မင်းထီး Law Firm ရှေ့နေအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

“ရာကြီး ၆၀ အမှုက အပြီးသတ်အမိန့်ချမယ်။ ၂/၂၀၂၀ အမှုက အပြီးသတ်လျှောက်လဲချက်ပေးပြီး အပြီးသတ်အမိန့်ချမယ်။၂/၂၀၂၀ အမှုက အပြီးသတ်လျှောက်လဲချက်ဆိုပေမယ့် အမိန့်ချလို့ရတဲ့အဆင့်မှာရှိတယ်။ အမှုနှစ်ခုလုံးက နောက်ဆုံးအဆင့်ရောက်နေပြီ” ဟု ဦးအောင်စစ်မင်းကပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကတည်းက ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

လက်ရှိတွင် လက္ကာကျေးရွာသားများ တရားရင်ဆိုင်နေကြရသည်မှာ ၃ နှစ်ကျော်ကြာမြင့်လာနေပြီဖြစ်သော်လည်း လွတ်မြောက်ခြင်းမရှိသေးသဖြင့် မိသားစုဝင်များမှာ ငွေကြေးကအစ အခက်အခဲများ ရင်ဆိုင်နေကြရသည်။

“ဒီအတိုင်းဘဲ ခရီးဆက်နေမယ်ဆိုရင် ဖမ်းဆီးခံရသူတွေမက ကျွန်မတို့ကိုပါ လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်။ သုံးနှစ်တိုင်တိုင် လူတစ်ယောက်ကို ဖမ်းဆီးချုပ်နှောင်တာကြောင့် ကျွန်မတို့မှာ အခက်အခဲမျိုးစုံ ကြုံနေရတယ်။ အမှုတွေပိတ်သွားပြီးလွှတ်ပေးနေတာတွေ့ရတယ်။ ကျွန်မတို့ရွာသားတွေကို ဘာကြောင့်မလွှတ်ပေးတာလဲ” ဟု လက္ကာကျေးရွာမှ ဖမ်းဆီးခံရသူ ကိုဦးလှမောင် (၂၄) နှစ်၏ မိခင်ဖြစ်သူ ဒေါ်စံသာနုကပြောသည်။

ရက္ခိုင့်တပ်တော် (ULA/AA) ကို ၂၀၂၁ မတ် ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ရခိုင်ပြည်အတွင်းမှ အကြမ်းဖက်မှုနှင့်တရားစွဲဆိုခံထားရသူများ၏ အမှုအချို့ကို ရုပ်သိမ်းကာပြန်လွှတ်ပေးမှုများ ရှိလာသည်။

သို့သော် လက္ကာကျေးရွာသားများကဲ့သို့ နှစ်ရှည်ကြာ ချုပ်နှောင်ခံနေကြရသည့်အမှုများမှာ ယနေ့အချိန်အထိ လွတ်မြောက်ရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးပေ။

လက္ကာကျေးရွာသားမှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာသေးသည့်အချိန်မှစ၍ ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး လက်ရှိတွင် အေအေကိုအကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပြီးဖြစ်သော်လည်း အဆိုပါကျေးရွာသားများလွတ်မြောက်ခြင်းမရှိသေးဘဲ ဖမ်းဆီးခံရသူများနှင့်မိသားစုဝင်များအတွက် နစ်နာမှုများသာဖြစ်နေသဖြင့် လွတ်မြောက်ခွင့်ပေးရန် မင်းထီး Law Firm ရှေ့နေအဖွဲ့မှ တောင်းဆိုးထားသည်။

“အမှုတွေကိုရုပ်သိမ်းတာ သုံးလေးကြိမ်လောက်ရှိပေမယ့် အစိုးရရဲ့ရုပ်သိမ်းမှုအထဲမှာ မပါသေးဘူး။ ဒါဟာစွပ်စွဲခံရသူတွေအတွက် အများကြီးနစ်နာတယ်။ အမှုကိုစစ်ဆေးတဲ့အခါမှာလည်း သက်သေတွေထွက်ဆိုချက်က အမှုမှန်ပေါ်ပေါက်မှုလည်းမရှိဘူး။ အခုလိုနှစ်ရှည်လများ ချုပ်နှောင်ခံနေရတာ အရမ်းထိခိုက်နစ်နာမှုရှိတယ်။ ဒီကိစ္စအပြင် တရားရုံးတွေမှာလည်း အမိန့်ချမယ့်ဟာတွေကို ဆိုင်းငံ့ထားပါဆိုတဲ့ကိစ္စကလည်းရှိတော့ အချုပ်ခံရကလည်း အလွန်များလာနေတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ဆိသည်။

ယင်းကြောင့် သက်ဆိုင်သည့်တာဝန်ရှိသူများအနေဖြင့် တရားစီရင်ရေးမဏ္ဍိုင် အားကောင်းရန်အတွက်ကူညီပေးရန်၊ စွပ်စွဲခံထားရသူများ၏အခွင့်အရေး၊ ထိခိုက်နစ်နာမှုကို ထည့်သွင်းစဉ်းစားအတွက် မင်းထီး Law Firm ရှေ့နေအဖွဲ့မှ တိုက်တွန်းပြောကြားထားသည်။

နှစ်ဖက်လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့်ဖမ်းဆီးခံရသူ ၂၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိတွင် အကြမ်းဖက်မှုများ ရုပ်သိမ်းပေးခြင်းများရှိလာသဖြင့် မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...