စစ်ကောင်စီထံမှ ခရီးသွားလာခြင်း ခွင့်ပြုချက်မရရှိသဖြင့် WFP ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းထားရ

စစ်ကောင်စီထံမှ ခရီးသွားလာခြင်း ခွင့်ပြုချက်မရရှိသဖြင့် WFP ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းထားရ

စစ်ကောင်စီထံမှ ခရီးသွားလာခြင်း ခွင့်ပြုချက်မရှိသည့်အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာထောက်ပံ့ကူညီမှုများကို ရပ်ဆိုင်းထားရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းသို့ ခရီးသွားလာခွင့်မရရှိသဖြင့် ရခိုင်ပြည်အတွင်းရှိ ဒုက္ခသည် ၂၄၁၀၀၀ ကျော်အတွက် အထောက်အပံ့ဖြန့်ဝေမှုအပိုင်းမှာ ရက်သတ္တပတ်များစွာ နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်နေသည်ဟု ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က DMG ၏ သီးသန့်မေးမြန်းမှုကို အီးမေးလ်ကတစ်ဆင့် ဖြေကြားထားသည်။

"WFP အနေနဲ့ စီစဉ်ထားပြီးသားဖြန့်ဝေမှုတွေကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်စတင်နိုင်ဖို့အတွက် သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့ အရေးပေါ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်" ဟု Mr Stephen Anderson ကပြောသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များသည် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) စသည့်နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့မှုကို အဓိကအားထားနေကြရသည်။

စားဝတ်နေရေးအပိုင်းမှာ ဒုက္ခသည်များ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် စစ်ကောင်စီအနေဖြင့် အဆိုပါအဖွဲ့အစည်းများကို လစဉ်ပုံမှန်ထောက်ပံ့နိုင်ရန် ကူညီဆောင်ရွက်ပေးသင့်သည်ဟု ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကပြောသည်။

"စစ်ရှောင်တွေဆိုတာက အစိုးရထောက်ပံ့မှုရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုကို အဓိကအားထားနေကြရတယ်။ဆိုတော့ အစိုးရအနေနဲ့လည်း ပုံမှန်ထောက်ပံ့ပေးဖို့လိုသလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ပုံမှန်ထောက်ပံ့ပေးဖို့လိုအပ်တယ်။ ဒါမှလည်း စစ်ဘေးရှောင်တွေစားဝတ်နေရေးပြေလည်မှာဖြစ်တယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေ ပုံမှန်လွတ်လွတ်လပ်လပ်ထောက်ပံ့ပေးဖို့ အစိုးကဆောင်ရွက်ပေးစေချင်တယ်" ဟု ကိုခိုင်မျိုးအောင်က ပြောသည်။

စစ်ကောင်စီထံမှ ခရီးသွားလာခြင်းခွင့်ပြုချက်မရရှိသဖြင့် WFP ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းထားရဆိုသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ၏ တုန့်ပြန်မှုကိုရရှိရန်အတွက် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ သတင်းပြန်ကြားရေတာဝန်ခံ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို DMG မှဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

WFP အနေဖြင့် ရခိုင်ပြည်အတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံ၊ ပေါက်တော၊ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များရှိ စစ်ဘေးရှောင်များအပါအဝင် မွတ်ဆလင်ဒုက္ခသည်စုစုပေါင်း (၃၃၀၀၀၀) ကျော်အတွက် လစဉ်ငွေသားထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ယခင်က ဆန်၊ ဆီ၊ ဆား၊ ပဲစသည့်စားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့သော်လည်း ဒုက္ခသည်များ ဒေသတွင်း စီးပွားရေးလုပ်ငန်းများမှာ အကျိုးဖြစ်ထွန်းစေရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ စားနပ်ရိက္ခာအစား တစ်ဦးလျှင် ငွေ ၁၅၀၀၀ နှုန်းနှင့်ပြောင်းလဲထောက်ပံ့ခဲ့ကြောင်း သိရသည်။

"အကျိုးခံစားခွင့်ရှိသူတွေဟာ ကျွန်တော်တို့ဆီက အကူအညီမလိုအပ်တော့ဘဲ ကိုယ့်ကိုယ်ကို အားကိုးရပ်တည်လာနိုင်တဲ့ အချိန်အထိ ကျွန်တော်တို့အနေနဲ့ လစဉ်စားနပ်ရိက္ခာနဲ့ ဒါမှမဟုတ် ငွေသားအထောက်အပံ့တွေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရည်တည်ဆောက်ရေးအကူအညီတွေ ဆက်လက်ပေးအပ်သွားဖို့ ကတိကဝတ်ပြုထားပါတယ်" ဟု ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr Stephen Anderson ကပြောသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံပြည်သူ ၂ သိန်း ၃ သောင်းကျော်အထိရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ သိရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစ၍ တိုက်ပွဲများ စတင်ရပ်တန့်ခဲ့သည့်အတွက် စစ်ဘေးရှောင်များ တဖြည်းဖြည်းနေရပ်ပြန်လာကြသဖြင့် လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ဦးရေ ၉ သောင်းကျော်အထိ နေရပ်ပြန်မနိုင်ဘဲရှိနေသေးသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...