NRPC ဖျက်သိမ်းပြီး တပ်မတော်ဖြင့်သာ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြား

NRPC ဖျက်သိမ်းပြီး တပ်မတော်ဖြင့်သာ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြား

NLD အစိုးရလက်ထက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုဖျက်သိမ်းကြောင်း အာဏာသိမ်းတပ်မတော် က PCG မှတဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ အကြောင်းကြားလိုက်သည်ဟု သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို NRPC မှ မဟုတ်ပဲ တပ်မတော်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖြင့်သာ ဆွေးနွေးသွားမည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က ဖေဖော်ဝါရီလ ၂ ရက်နေ့က ခေါ်ယူပြီးပြောဆိုခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောဆိုသည်။

“သူတို့အကြောင်းကြားလာတာက နောက်နောင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို NRPC ကနေမဟုတ်တော့ဘူး။ တပ်မတော်ကနေ ဖွဲ့စည်းထားသည့် ကော်မတီများနဲ့ဆွေးနွေးသွားမယ်လို့ မပခ တိုင်းမှူးကခေါ်ယူအကြောင်းကြား ပြောဆိုခဲ့တယ်” ဟု ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို အကြောင်းကြားထားသော်လည်း မည်သည့်သဘောထားကိုမျှ ပြန်ကြားခြင်းမရှိသေးကြောင်း သူက ဆိုသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ၅ ဦးအဖွဲ့ကို ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် တပ်မတော်က ဖွဲ့စည်းခဲ့သည်။

ထို့နောက် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အဆိုပါ ၅ ဦးအဖွဲ့တွင် လူဦးရေထပ်တိုးကာ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် မထိုးရသေးသောတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြင့် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးရန် ထပ်မံ ကြေညာခဲ့သည်။

စစ်တပ်ဖြင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးဆိုသည်မှာ အပစ်အခတ်ရပ်စဲရေးကိုသာအကောင်ထည်ဖော်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ဦးလမိုင်ဂွမ်ဂျာက သုံးသပ်ပြောဆိုသည်။

“ကျနော်တို့သုံးသပ်ရသလောက်က စစ်တပ်နဲ့က အပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးမှုရကောင်းရလိမ့်မယ်။ ဒါပေမယ့် စားပွဲပေါ်မှာ ဆွေးနွေးရမယ့် နိုင်ငံရေးက ဆွေးနွေးနိုင်မယ်လို့မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၁၉၉၄ခုနှစ်တုန်းက KIA တွေ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးဖို့ပြောတယ်။ အဲ့ခါတုန်းက သူတို့က စစ်အစိုးရဖြစ်တယ်။ အဲ့ကြောင့် ပြည်သူရွေးကောက်တင်မြောက်တဲ့ အစိုးရနဲ့သာ ဆွေးနွေးပါလို့ပြောခဲ့တယ်။ အခုလည်း အာဏာသိမ်းပြီး အစိုးရပြန်လုပ်တာဖြစ်တဲ့အတွက် အဲ့လိုပြန်ပြောလာလိမ့်မယ်။ ဒါပေမယ့် ဒီအချက်တွေက ဘယ်လိုဖြစ်လာမလဲဆိုတာကိုက ဆက်စောင့်ကြည့်ရအုံးမှာဘဲ။ မသိသေးဘူး”ဟု ပြောဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရစတင်ဖြစ်လာချိန်တွင် ယခင်သမ္မတဦးသိန်းစိန်လက်ထက် အသုံးပြုခဲ့သော မြန်မာ့ငြိမ်ချမ်းရေးစင်တာ MPC ကို ပြန်လည်အမည်ပြောင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၅ နှစ်သာတွင် အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် NRPC က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့သည်ကို သိရသည်။ ထို့အပြင် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖြင့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည်များလည်းထပ်မံ ပေါ်ထွက်ခဲ့သည်။

Most read this week

May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို...
May 1, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့...
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
April 29, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က...
ဖေဖော်ဝါရီ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်း ရွာက ဆေးရုံဆေးခန်း
April 29, 2024
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့်...