ဗန်းမော်နှင့် ရွှေကူ အပါအဝင် ကချင်ပြည်ရှိ မြို့နယ် ၅ ခု၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်

ဗန်းမော်နှင့် ရွှေကူ အပါအဝင် ကချင်ပြည်ရှိ မြို့နယ် ၅ ခု၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်

ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ အကြား စစ်ရေးတင်းမာမှုများ ဆက်လက် ဖြစ်ပွားနေပြီး ထိတွေ့တိုက်ပွဲများ ပုံမှန် ဖြစ်ပွားလျက်ရှိကြောင်း KIO က ပြောသည်။

လက်ရှိ ကချင်ဒေသအတွင်းရှိ ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ဖားကန့်နှင့် ခေါင်လန်ဖူး ဒေသများတွင် ထိတွေ့တိုက်ပွဲများ အများဆုံး ဖြစ်ပွားနေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အခု တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော် ဘက်မှာက မြေပြင်စစ်ပွဲ မရှိပေမဲ့ အချိန် ပြည့် စစ်ရေးတင်းမာတာတော့ ရှိတယ်။ နောက်ပြီး အင်းတော်ကြီးဘက် ဖြစ်တယ်။ စစ်ကိုင်းအစပ်တွေဘက်က တော့ ပုံမှန်ဖြစ်နေတယ်။ ပြီးရင် ပူတာအိုဒေသ ခေါင်လန်ဖူးဘက်မှာလည်း ဖြစ်တယ်။”

တိုက်ပွဲများ ဖြစ်ပွားနေသည့် မြို့နယ် ၅ ခုအနက် ရွှေကူနှင့် ဗန်းမော်မြို့နယ်တို့တွင် မြေပြင်စစ်ရေး ပြင်းထန်နေပြီး တိုက်ပွဲကာလ ၂ လကျော်ကြာမြင့်လာပြီ ဖြစ်သည်။

ရွှေကူမြို့နယ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့က ရွှေကူနှင့် ငအိုးကျေးရွာကြားရှိ စစ်အင်အား ၃၀ ဝန်းကျင်ခန့် တပ်စွဲခြေကုတ်ယူထားသည့် ရွှေဘုန်းမြင့် ရှေ့တန်းစစ်တပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက် ခဲ့သည်။

ထို့နောက် အဆိုပါ စခန်းကို ပြန်လည်ရရှိရန် စစ်အုပ်စုတပ်က လေကြောင်းမှ မနက်၊ ည မပြတ် ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်လျက်ရှိသည်။

KIA က သိမ်းပိုက်ထားသည့် ရွှေဘုန်းမြင့် စခန်းနေရာကို ပြန်ရရန် စစ်အုပ်စုတပ်ဘက်က လေကြောင်းမှ တိုက် ခိုက်နေသည့်အပြင် Y-8 လေယာဉ်ဖြင့် စစ်ရိက္ခာများကိုလည်း ပုံမှန် လာရောက်ပို့ဆောင်ပေးနေကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်များက ပြောသည်။

ရွှေဘုန်းမြင့် စခန်းသည် ရွှေကူနှင့် ငအိုးကျေးရွာကြား ဗန်းမော်-မန္တလေး လမ်းပိုင်းပေါ်တွင် တည်ရှိပြီး စစ်ရေး အရ အလွန်အရေးပါသည့် နေရာတစ်ခုဖြစ်သဖြင့် စစ်အုပ်စုတပ်ဘက်က ပြန်လည်ရရှိရေး ကြိုးပမ်းနေသလို KIA ပူးပေါင်းတပ်များကလည်း လက်မလွှတ်ရေးအတွက် ခုခံတိုက်ခိုက်လျက်ရှိသည်။

လက်ရှိ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲဖော်ဆောင်နေသည့် စစ်ကြောင်းများသည် တပ်မ (၉၉) နှင့် ငအိုးအခြေ စိုက်တပ်များ ဦးဆောင်ကာ ရွှေကူမြို့အတွင်းသို့ ဝင်ရောက်ရန်နှင့် ဗန်းမော်၊ စင်းခန်းဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း KIO က ပြောဆိုထားသည်။

၂ နှစ်ခန့်အကြာ စစ်ရှိန် ပြင်းထန်နေသည့် ဗန်းမော်မြို့တွင်လည်း ဇူလိုင်လအတွင်းမှစ၍ စစ်အုပ်စုတပ်ဘက်မှ KIA ပူးပေါင်းတပ်များ ရှိသည့်ဘက်သို့ တဖြည်းဖြည်း တိုးဝင်လာသဖြင့် နေ့စဉ်နှင့်အမျှ နှစ်ဖက်တပ်များ အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

ဗန်းမော်မြို့၏ အဓိက တိုက်ပွဲဖြစ်ပွားရာ နေရာများဖြစ်သည့် တာမိုင်းလုံးနှင့် သုံးမိုင်လမ်းဆုံတို့တွင် စစ်အုပ်စု တပ်က မြေပြင်မှ ခေတ်မီ လက်နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ် ပစ်ခတ်နေပြီး လေကြောင်း တိုက်ခိုက်မှု များလည်း ရှိနေသည်။

ထို့ပြင် ဝိုင်းမော်၊ အင်းတော်ကြီးနှင့် ပူတာအိုဒေသရှိ ခေါင်လန်ဖူးမြို့နယ်တို့တွင် ဇူလိုင်လကုန်ပိုင်းမှစ၍ ယခု ဩဂုတ်လအထိ မြေပြင်ထိတွေ့တိုက်ပွဲများ ယာယီ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာနေသဖြင့် အချိန် မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောသည်။

“အဓိကတော့ စစ်တပ်ဘက်ကနေ ထိုးစစ်ဆင်နေတဲ့အတွက် ကျနော်တို့ဘက်ကနေ ခုခံတိုက်ပွဲတွေ ဆင်နွှဲနေရ တာဖြစ်တယ်။ ပြောရမယ်ဆိုရင် အင်းတော်ကြီးဘက်ဆိုရင်လည်း ခဏခဏဖြစ်နေတယ် ဖြစ်လိုက်နားလိုက်နဲ့ ဖြစ်နေတဲ့သဘောဟုတ်။ ဒါကြောင့် အခုပြောနေတဲ့ ဒေသတွေက မြေပြင်မှာ တိုက်ပွဲတွေ မရှိသေးရင်တောင် အချိန်မရွေးတိုက်ပွဲထဖြစ်လာနိုင်တဲ့ အနေအထားမှာရှိနေတာလို့ပြောလို့ရပါတယ်။”

အင်းတော်ကြီးဒေသ၌ စစ်အုပ်စုတပ် လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က ပြီးခဲ့သည့် ဇူလိုင် လ ၁၅ ရက်နောက်ပိုင်း KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များ နေရာယူထားသည့် ဟဲပန်းလမ်းခွဲဘက်သို့ စစ်ကြောင်း ထိုးလာသဖြင့် ၄ ရက်ခန့်အကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အလားတူ ကချင်ပြည် မြောက်ဘက်ဖျားရှိ ပူတာအိုဒေသ ခေါင်လန်ဖူးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ တတိယ အပတ်က စစ်အုပ်စုတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ တပ်စွဲထားသည့် ကျေးရွာတစ်ခုကို KIA နှင့် KPF ပူးပေါင်းတပ် များက တိုက်ပွဲကာလ ၁ လဝန်းကျင်အကြာတွင် သိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါကျေးရွာသည် ခေါင်လန်ဖူးမြို့နယ်၊ မြန်မာ-တရုတ်နယ်စပ် မှတ်တိုင် (၃၀) ရှိ ရှဂါဒီကျေးရွာဖြစ်ပြီး ထိုကျေးရွာကို သိမ်းပိုက်ပြီးနောက် ဇူလိုင်လကုန်ပိုင်းမှစ၍ ခေါင်လန်ဖူးဒေသ၌ တိုက်ပွဲများ ပြန်လည်ငြိမ်သက် နေခဲ့သည်။

လက်ရှိ ကချင်ပြည်အတွင်း စစ်ရေးတင်းမာ၍ တိုက်ပွဲများ ဖြစ်ပွားနေသည့် မြို့နယ်အများစုမှာ စစ်အုပ်စုက အရေးပေါ်အခြေအနေ သတ်မှတ်ထားသည့် မြို့နယ်များလည်း ဖြစ်ကြသည်။

Most read this week

August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...