ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ တိုက်ခိုက်သည့် ‘ဒုတိယအကြိမ် တိုက်ခိုက်မှု’ (Double Tap) နည်းလမ်းကို မြန်မာစစ်အုပ်စုတပ်က ယခုနှစ် အတွင်း စတင်ကျင့်သုံးလာသည်ကို သတိထားမိခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) အကြီးအကဲက KNG သတင်းဌာနသို့ ပြောသည်။
အဆိုပါ နည်းလမ်းသည် ကယ်ဆယ်ရေးသမားများကို ပစ်မှတ်ထားခြင်းမျိုးဖြစ်ပြီး အခြေခံ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေကို ချိုးဖောက်သည့် ရာဇဝတ်မှု ဖြစ်နိုင်ကြောင်း IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က က ပြောသည်။
နီကိုလတ်စ်ခွန်ဂျန်က “ကျနော့်အနေနဲ့ အဲဒီနည်းလမ်းကို အသုံးပြုတာကို စပြီး သတိထားမိတာ ဒီနှစ်ထဲမှာပါ။ ပထမအကြိမ် ဗုံးကြဲမှု ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ၊ ဆေးကုဖို့လိုတဲ့သူတွေကို လာရောက်ကူညီကယ်ဆယ် တဲ့ သူတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် လာပြီးတိုက်ခိုက်တာမျိုးက အခြေခံလူသားချင်းစာနာမှုကို ချိုးဖောက်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် “စစ်မက်နဲ့ ပတ်သက်တဲ့ ဥပဒေတွေအရဆိုရင် စစ်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့သူတွေကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်တာပေါ့။ ကျနော့်အမြင်အရဆိုရင် ဒုတိယအကြိမ်လာပြီး တိုက်ခိုက်တာက စစ်တိုက်နေတဲ့ သူတွေကို ရည်ရွယ်တာမဟုတ်ဘဲ ပြည်သူတွေနဲ့ ထိခိုက်တဲ့သူတွေကို အရေးပေါ် လာကူညီတဲ့ ကယ်ဆယ်ရေးသမားတွေကို တိုက်ခိုက်တာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီအမှုက ပိုပြီး ကြီးလေးပါတယ်” ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဩဂုတ်လ ၁၁ ရက်နေ့တွင် တင်သွင်းခဲ့သည့် နှစ်ပတ်လည် အစီရင်ခံစာတွင်လည်း အဆိုပါ ဖြစ်စဉ်များကို ထည့် သွင်းဖော်ပြထားသည်။
အစီရင်ခံစာတွင် IIMM အနေဖြင့် ချင်းပြည်၊ ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သော Double Tap (ဒုတိယအကြိမ် တိုက်ခိုက်မှု) ဖြစ်စဉ်များကို ဦးစားပေး စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထား သော်လည်း မည်သည့်ဖြစ်စဉ်များ ပါဝင်သည်ဆိုသည်ကိုမူ အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) အရ ဒဏ်ရာရရှိသူ များကို ကူညီပေးနေသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ ကယ်ဆယ်ရေးသမားများနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးနေသူများကို ကာကွယ်ပေးရန် တိကျသည့် စည်းမျဉ်းများ ရှိပြီး ဂျီနီဗာ သဘောတူညီ ချက်များ (Geneva Conventions) နှင့် ၎င်း၏ နောက်ဆက်တွဲ Additional Protocol များအရ ဒဏ်ရာရရှိ သူများ၊ နာမကျန်းသူများကို ကူညီစောင့်ရှောက်ပေးနေသူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုများ ကို တားမြစ်ထားသည်။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ၏ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ တစ်နှစ် တာ အချက်အလက်များအရ ကချင်ပြည်နယ်တွင် စစ်အုပ်စုတပ်က လူထုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၈၅ ကြိမ် ပြုလုပ်ခဲ့ပြီး ကလေးများ အပါအဝင် လူပေါင်း ၁၃၀ ခန့် သေဆုံးခဲ့ကြောင်း ပြောဆိုထားသည်။
KHRW ဒါရိုက်တာ ဒေါ်ဆိုင်းမိုင်က “ပြည်သူလူထု စုရုံးတဲ့နေရာ၊ ဈေးလိုနေရာ၊ ဆုတောင်းပွဲ၊ နာရေး အခမ်း အနား ပြုလုပ်တဲ့နေရာ၊ ကျောင်းနားတွေမှာ ဗုံးကြဲခဲ့တယ်။ ဒါတောင်မှ ကျွန်မတို့ ကချင်မှာက အင်တာနက် ဖုန်းလိုင်း မရဘူး၊ မြေပြင်မှာက ဒီထက် အရေအတွက် ပိုများနိုင်ပါတယ်” ဟု ပြောသည်။
အဆိုပါ စာရင်းများအရ ဗုံးကြဲမှုများသည် စစ်ပွဲဖြစ်ပွားရာ နေရာများတွင် မဟုတ်ဘဲ ပြည်သူလူထု စုရုံးသည့် ဈေးတန်း၊ ဆုတောင်းပွဲနှင့် နာရေးအခမ်းအနားများကို ပစ်မှတ်ထားခဲ့ကြောင်း တွေ့ရသည်။
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ ဈေးတန်းကို စစ်အုပ်စု တပ်က ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံး ၄ ကြိမ် ပစ်ချခဲ့သောကြောင့် ကလေး ၃ ဦး အပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့သည်။
တိုက်ပွဲ လုံးဝမရှိသည့်နေရာ၊ စစ်ရေးပစ်မှတ် လုံးဝမရှိသည့် ဈေးတန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း KIO က ထောက်ပြထားသည်။
https://burmese.kachinnews.com/2025/09/29/yl1-428/
ထို့ပြင် ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာတွင်လည်း ကျေးရွာ နာရေးဆုတောင်းပွဲ ပြုလုပ်ရန် ရွာသားများ စုရုံးနေ စဉ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်အထိ ရှိခဲ့သည်။
https://burmese.kachinnews.com/2026/01/23/yl1-470/
ရခိုင်၊ ကရင်နီနှင့် စစ်ကိုင်းဒေသတို့တွင် Double Tap ထပ်ဆင့်တိုက်ခိုက်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ရှိမရှိ ကို KNG အနေဖြင့် အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ကချင်ပြည်အတွင်း Double Tap ပုံစံ အတိအကျ ဖြစ်ပွားခဲ့ခြင်း ရှိမရှိ အတည်ပြုနိုင်ရန် KIA တာဝန်ရှိသူများထံ မေးမြန်းရန် ကြိုးစားလျက် ရှိသည်။
ချင်းပြည်၊ မင်းတပ်မြို့တွင်မူ IIMM က ဖော်ပြသည့် Double Tap ပုံစံအတိုင်း ယခုနှစ် မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ‘ဗုံးကြဲပြီးနောက် ဒရုန်းဖြင့် စောင့်ကြည့်ကာ ထပ်ဆင့်တိုက်ခိုက်သည့် ဗျူဟာသစ်’ ကို စစ်အုပ်စု တပ်က အသုံးပြုလာကြောင်း သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုများသည် ကယ်ဆယ်ရေးသမားများကို စောင့်ကြည့်ပြီး ချိန်ရွယ်ပစ်ခတ်သည့် ဗျူဟာဖြစ် ကြောင်း ဆိုထားသည်။
https://www.bnionline.net/mm/news-115048
၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တည်ထောင်ခဲ့သည့် IIMM ၏ အဓိကတာဝန်မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် အကြီးလေးဆုံး နိုင်ငံတကာ ရာဇဝတ်မှုများ၏ သက်သေ အထောက်အထားများကို စုဆောင်း၊ ထိန်းသိမ်း၊ စိစစ်သုံးသပ်ပြီး အနာဂတ် တရားစွဲဆိုမှုများအတွက် အမှုဖိုင် များ ပြင်ဆင်ရန် ဖြစ်သည်။
အဆိုပါ ရာဇဝတ်မှုများတွင် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာ ဇဝတ်မှု အပါအဝင် အခြား ကြီးလေးသော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ ပါဝင်သည်။
၂၀၁၆-၂၀၁၇ ခုနှစ်များတွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက် ဆက်လက်ကျူးလွန်နေသည့် အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ၊ ဂျင်ဒါအခြေပြု အကြမ်းဖက်မှုများ ကိုလည်း စုံစမ်းစစ်ဆေးလျက် ရှိသည်။
ယခုလက်ရှိ မည်သည့်အဖွဲ့ကမဆို ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အထောက်အထားနှင့်တကွ စုဆောင်းနေ ပြီး ယနေ့အချိန်တွင် တရားမစွဲဆိုနိုင်သေးသော်လည်း အနာဂတ်တွင် တာဝန်ခံမှုရှိလာစေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ - စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆဒုံးမြို့ပေါ် ဈေးတန်း မြင်ကွင်း။







