မြစ်ကြီးနား - မန္တလေးလမ်း ခရီးမသွားသင့်သေးကြောင်း ကားသမားများ သတိပေး

မြစ်ကြီးနား - မန္တလေးလမ်း ခရီးမသွားသင့်သေးကြောင်း ကားသမားများ သတိပေး
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း

ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပိုင်းအချို့ ဆက်လက်ပိတ်ဆို့နေဆဲ ဖြစ်သလို ကားရာနှင့်ချီ ပိတ်မိနေ ကြောင်း ကားသမားများက ပြောသည်။

လမ်းအခြေအနေ ဆိုးရွားနေဆဲ ဖြစ်သောကြောင့် မြစ်ကြီးနား - မန္တလေးလမ်းကို လက်ရှိအချိန်တွင် မဖြစ်မနေ ခရီးမဟုတ်ပါက မသွားသင့်သေးကြောင်းလည်း ကားသမားများက တိုက်တွန်းထားသည်။

ကားသမားတစ်ဦးက “မြစ်ကြီးနား - မန္တလေးလမ်းကတော့ အရှေ့လမ်း၊ အနောက်လမ်း အားလုံးပိတ်နေ ပါတယ်။ မင်းကုန်းရွာတံတားလည်း မပြီးသေးတော့ အတက်အဆင်းကားတွေ ရာနဲ့ချီ ပိတ်မိနေဆဲဖြစ်ပါတယ်။ အတက်ကားတွေက မင်းကုန်းရွာမရောက်ခင်မှာ ပိတ်မိနေတာ ၁၀ ရက်ကျော်သွားပြီ။ အဆင်းကားတွေလည်း ပိတ်မိနေတာ အများကြီးပါ” ဟု ပြောသည်။

လက်ရှိ မြစ်ကြီးနားမှ မန္တလေးဘက်သို့ သွားသည့် အရှေ့လမ်းနှင့် အနောက်လမ်း နှစ်လမ်းစလုံးတွင် ယာဉ်များ ပိတ်မိနေသလို အင်းတော်မြို့နယ် မင်းကုန်းရွာအနီးတွင်လည်း ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ရက်ပေါင်းများစွာ ပိတ်မိနေကြောင်း အဆိုပါ လမ်းကြောင်းတွင် ပြေးဆွဲနေသည့် ကားသမားက ဆက်ပြောသည်။

မင်းကုန်းကျေးရွာတံတား အခြေအနေကြောင့် အဓိကလမ်းမကြီးကို ဖြတ်သန်း၍ မရသော ကုန်တင်ကားနှင့် ခရီးသည်တင်ကားအချို့မှာ အင်းတော်မြို့နယ်အတွင်းရှိ ကွင်းလမ်းများကို အသုံးပြုနေရသည်။

သို့သော် မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် အဆိုပါ ကွင်းလမ်းများတွင်လည်း သွားလာရေး ခက်ခဲနေကြသည်။

မြစ်ကြီးနား - မန္တလေးလမ်းတွင် ပိတ်ဆို့မှုများမှာ ယခုမှ စတင်ခဲ့ခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကတည်းက စစ်ရေးအခြေအနေကြောင့် ယာဉ်များ ရက်ပေါင်းများစွာ ပိတ်မိခဲ့ခြင်း ဖြစ်သည်။

ယခင်ကလည်း နဘား - ကသာလမ်းပိုင်းနှင့် အင်းတော်မြို့နယ်အတွင်းရှိ ကွင်းလမ်းများတွင် ခရီးသည် တင်ကား နှင့် ကုန်တင်ကားများ ပိတ်မိခဲ့ပြီး ကုန်စည်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

လက်ရှိ အရှေ့လမ်းပိုင်းတွင်လည်း လမ်းပေါ်တွင် ကြားညှပ်ပိတ်မိနေသည့် ကားများနှင့် အခြားယာဉ်များ ရှိနေဆဲ ဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ကွင်းလမ်းများ၏ အခြေအနေပါ ပိုမိုဆိုးရွားလာနေကြောင်း အဆိုပါ ကားသမားက ဆက် ပြောသည်။

“အရှေ့လမ်းပိုင်းမှာလည်း လမ်းမှာ ကြားညှပ်နေတဲ့ကားတွေ၊ ပိတ်မိနေတဲ့ကားတွေ အများကြီးရှိပါတယ်။ မိုးက လည်း အဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ကွင်းလမ်းတွေမှာလည်း အဆင်မပြေဖြစ်နေပါတယ်။ မြစ်ကြီးနား - မန္တလေးကားလမ်းနဲ့ လုံးဝခရီးမသွားသင့်သေးပါဘူး။ အခုရက်ပိုင်းတော့ အရေးကြီးကြီး မကြီးကြီး ကားလမ်းနဲ့ ခရီးမသွားကြဦးနဲ့ပေါ့။”

မြစ်ကြီးနား - မန္တလေးလမ်းကြောင်းသည် ကချင်ပြည်အတွင်း ကုန်စည်နှင့် ခရီးသည် သယ်ယူပို့ဆောင်ရေး အတွက် အရေးပါသည့် လမ်းကြောင်းတစ်ခု ဖြစ်သောကြောင့် လမ်းပိတ်ဆို့မှု ကြာမြင့်လာခြင်းက ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာရေးကိုပါ ထိခိုက်စေလျက် ရှိသည်။

လက်ရှိအခြေအနေတွင် စစ်ရေးတင်းမာနေသည့် လမ်းပိုင်းများကို ဖြတ်သန်းရနိုင်သလို မိုးရွာသွန်းမှုကြောင့် လမ်းအခြေအနေ ပိုမိုဆိုးရွားလာနိုင်သောကြောင့် မဖြစ်မနေ သွားရမည့် ခရီးစဉ်မဟုတ်ပါက ခရီးစဉ်ရွှေ့ဆိုင်း ထားကြရန် ကားသမားများက တိုက်တွန်းထားသည်။

အလားတူ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ရာသီဥတုဆိုးရွားပြီး လမ်းနှင့် တံတားအချို့တွင် သွားလာရေး အခက်အခဲများ ရှိနေသောကြောင့် ခရီးသွားပြည်သူများအနေဖြင့် သတိထား သွားလာကြရန် အသိ ပေးထားသည်။

လမ်းပိုင်းအခြေအနေ ပြန်လည်ကောင်းမွန်ပြီး သွားလာနိုင်ပြီဆိုသည့် မြေပြင်အတည်ပြုချက် မရမချင်း မြစ်ကြီး နား - မန္တလေး ကားလမ်းကို မဖြစ်မနေ ခရီးမဟုတ်ပါက အသုံးပြုခြင်း မပြုကြသေးရန် လမ်းကြောင်း အခြေအနေ သိရှိသူများက သတိပေးပြောဆိုထားကြသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...