ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို ပြန်ပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့သော်လည်း ပြည်သူ့စစ်အဖွဲ့က ပြန်မပေးသေးဘူးဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ၉ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့် နောင်းမီဒေသခံ အမျိုးသား ၄ ဦး၏ ရုပ်အလောင်းကို ပြန်ပေးရန် နောင်းမီကျေးရွာ ရပ်မိရပ်ဖများက ပြည်သူ့စစ်အဖွဲ့ထံ သွားရောက်တောင်းခံခဲ့ကြောင်း နောင်းမီ ဒေသခံ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။
“မှော်သွားတဲ့လမ်းမှာ မသင်္ကာမှုနဲ့ ဖမ်းဆီးသွားကြတာဟုတ်တယ်။ ဖမ်းဆီးခံရလို့ နောင်းမီရွာက ရပ်မိရပ်ဖတွေ က ပြန်လွှတ်ပေးဖို့ သွားပြောကြတော့ ပြည်သူ့စစ်အဖွဲ့ဘက် ပြန်ပြောတာက တိုက်ပွဲဖြစ်တဲ့နေရာမှာ ဖြစ်သွား တဲ့အတွက် လက်လွန်သွားတယ်၊ ဆုံးသွားပြီပေါ့။ အဲ့လိုဆိုတော့ အလောင်းလေးတော့ တွေ့ချင်တယ်၊ ပြပေးပါ လို့ ပြောရင်လည်း အလောင်းလည်း မပြနိုင်ဘူးလို့ ပြန်ပြောတယ်။”
သို့သော် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို မိသားစုဝင်များထံ ပြန်ပေးရန် ရပ်မိရပ်ဖများက ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှတစ်ဆင့် ထပ်မံ ကြိုးစားတောင်းဆိုသွားမည် ဖြစ်သည်ဟု ဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ အခိုင်အမာတပ်ချထားသည့် စံပြကျေးရွာ ပြည်သူ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ် အဖွဲ့၏ လေ့ကျင့်ရေးကျောင်း ထိမှန်ခဲ့ပြီး တပ်တွင်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ထို့ကြောင့် ပြည်သူ့စစ်အဖွဲ့က လမ်းပေါ်တွင် သွားလာနေသည့် နောင်းမီဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နောင်းမီဒေသခံများက ပြောသည်။
သတ်ဖြတ်ခံလိုက်ရသူ ၄ ဦးမှာ အသက် ၁၆ နှစ်အရွယ် မောင်ထွယ်ဆန်အောင်၊ အသက် ၂၅ နှစ်အရွယ် ကိုဒေါင် လွမ်း၊ အသက် ၂၁ နှစ်အရွယ် ကိုလမိုင်ရွန်းမိုက်နှင့် အသက် ၁၉ နှစ်အရွယ် ကိုဆွတ်အောင်တို့ ဖြစ်ကြသည်။
နောင်းမီဒေသခံများ၏ ပြောပြချက်အရ သေဆုံးသူ ၄ ဦးအနက် အသက် ၁၆ နှစ်အရွယ် မောင်ထွယ်ဆန်အောင် ဆိုသူမှာ ကျောင်းထွက်ပြီး မှော်အတွင်း ကျင်းသားလုပ်ရန် ထွက်ခွာစဉ် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အခြား နောင်းမီဒေသခံတစ်ဦးက “ဖြစ်တဲ့အခြေအနေက မင်းဇင်သန့်တို့ရဲ့ ပြည်သူ့စစ် စခန်းထဲက လေ့ကျင့်ရေးကျောင်းမှာ KIA ဘက်က ပစ်ခတ်လိုက်တဲ့ ဒရုန်း ကျမှန်ခဲ့တယ်။ အဲမှာ သေဆုံးမှု နည်းပေမဲ့ ထိခိုက်သေဆုံးမှုရှိတယ်လို့တော့ သိရတယ်။ အဲဒါကို မကျေနပ်လို့ နောင်းမီရွာထဲက ပြည်သူ ၄ ဦးကို လမ်းပေါ်က မသင်္ကာမှုနဲ့ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တာ” ဟု ပြောသည်။
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ အသုံးပြုသည့် Telegram ချန်နယ်တွင်မူ တပ်စခန်းကို KIA က တိုက်ခိုက်ခဲ့သည်မှာ မှန်ကန်သော်လည်း စခန်းအတွင်း ၂ ဦးသာ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူ မရှိကြောင်း ထုတ်ပြန်ထားသည်။
တနိုင်း - လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အင်အားကြီးထွားလာသည့် စစ်တပ်လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့များသည် ဒေသအတွင်း KIA နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရ သည့် ဒေသခံပြည်သူများကို သတ်ဖြတ်ကျူးလွန်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ရှဒူးဇွပ် ရွှေမှော်ဒေသတွင် ၂၀၂၄ ခုနှစ်နောက်ပိုင်း ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့နှင့် KIA ပူးပေါင်းတပ်များအကြား စခန်းများကို အပြန်အလှန် ဝင်ရောက်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ မရေတွက်နိုင်အောင် ဖြစ်ပွားခဲ့သည်။
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့သည် ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်းက ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ၊ ဘန် ကောက် စသည့်ကျေးရွာများအပြင် ဝါရာဇွပ်ကျေးရွာနှင့် ကပ်လျက်ရှိသည့် နောင်းမီကျေးရွာများတွင် KIA တပ် များ မရှိစေရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။







