လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

ဗန်းမော်ခရိုင် ဂိုင်ဒေါကျေးရွာတွင်ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့သူ (၃) ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အရှေ့ပိုင်ခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသော တရားခံ ၃ ဦးကို စစ်ဆေးရာတွင် သူတို့ကိုယ်တိုင် လူသတ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့သည့်အတွက် လွန်ခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်ပြစ်ဒဏ်စီရင်ခဲ့ကြောင်း KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးအင်ဖန်နော်ဘူ က ပြောသည်။

“သူတို့ကိုယ်တိုင် လူသတ်မှုနှင့်ပတ်သက်ပြီး ဝန်ခံတယ်။ လွန်ခဲ့တဲ့ အချိန်တွေမှာလည်း လူ ၄ ယောက်ကို သတ်လိုက်ပြီ၊ သူတို့သတ်လိုက်တဲ့လူ ၉ ဦး ရှိပြီ။ ဒါကြောင့် သူတို့လူသတ်တာ သေချာမှန်ကန်ပြီး သူတို့ကိုယ်တိုင် ဝန်ခံပြီဖြစ်တဲ့အတွက် KIO အရှေ့ပိုင်ခရိုင်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ် စီရင်ခဲ့တယ်” ဟု KNG ကိုပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် ဂိုင်ဒေါကျေးရွာ၌ ဇူလိုင်လ ၂ ရက်နေ့ည မိသားစုဝင် ၅ ဦးဖြစ်သည့် ဒေါ်ယမ်ထု (အသက်(၇၀)၊ ဦးယာကုလန်ဇိန်တန်ဂွန်(ဖခင်)၊ ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန် (မိခင်)၊ မောင်လန်ဇိန်ဆန်လီနော်၊ မောင်လန်ဇိန်ဒွဲဆန်အောင် တို့ ဓါးခုတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

လူသတ်မှုဖြစ်ပွားခဲ့သည့် အဓိကပြဿနာအကြောင်းအရင်းမှာ ဘိုးဘေးစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သည့် လယ်ယာမြေ အငြင်းပွားမှုကြောင့်ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိကြောင်း ဆိုသည်။

လယ်ယာမြေ အငြင်းပွားမှုနှင့် ပတ်သက်ပြီး တရားခံတစ်ဦးသာ ပါဝင်သော်လည်း လူသတ်ရာတွင်မူ တစ်ဦးတည်းမဟုတ်ကြောင်း ပြောသည်။

ဇူလိုင် ၂ရက်နေ့ လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၃ ရက်နေ့တွင် တရားခံ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၃ ဦးကို၂၀၂၀ စက်တင်ဘာလ ၂၈ ရက်နေ့ KIO အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...