ကချင်ပြည်နယ်တွင် KSPP နှင့် KNC ပါတီဆိုင်းဘုတ်များ ဖျက်စီးခံရ

ကချင်ပြည်နယ်တွင် KSPP နှင့် KNC ပါတီဆိုင်းဘုတ်များ ဖျက်စီးခံရ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP နှင့် ကချင်အမျိုးသားကွန်ကရက်ပါတီ KNC တို့၏ ပါတီ ဆိုင်းဘုတ်များ အောက်တိုဘာ ၁၅ ရက်နေ့က ဖျက်စီးခံရကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

မိုးမောက် မဲဆန္ဒနယ်အမှတ်(၁) လော့ဒန်ကျေးရွာတွင် စိုက်ထူထားသည့် ကချင်နိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်အား ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ကိုယ်စားလှယ်လောင်း ဦးပဆန်ဆွတ်နောင်က ယခုလိုပြောသည်။

“ကျနော်တို့က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရက်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ဆိုင်းဘုတ်ဖြတ်တဲ့သူနဲ့အားလုံး ဆွေးနွေးသွားဖို့ချိန်းထားတာဟုတ်တယ်။ ဒါပေမယ် လွဲသွားတဲ့အတွက် လာမယ့် စနေနေ့မှာဘဲ ပြန်ဖြေရှင်းမှာဖြစ်တယ်။ ခုလောလောဆယ်တော့ ဘာမှ အတိအကျပြောလို့မရသေးဘူး။” ဟု ကိုယ်စားလှယ်လောင်း ဦးပဆန်ဆွတ်နောင်က ယခုလိုပြောသည်။

ဆိုင်းဘုတ် ဖျက်ဆီးသူသည် မကြာသေးမီးက ပြောင်းရွှေ့နေထိုင်သည့် ဗမာတိုင်းရင်းသားအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ဇနီးသည် လော့ဒန်ကျေးရွာမှ ကချင်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖျက်ဆီးခံရသည့် ဆိုင်းဘုတ်သည် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) နှင့် ကချင်အမျိုးသားကွန်ကရက်ပါတီ(KNC) ပါတီများ၏ ဆိုင်းဘုတ်ဖြစ်သည်။

ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) သည် ဆိုင်းဘုတ်ဖျက်ဆီးသူအား ဆိုင်းဘုတ်ဖျက်ဆီးသည့်အပိုင်းကို ပြန်လျော်စေခဲ့ပြီး ခံဝန်ချုပ်ဆိုစေကာ နောက်တစ်ကြိမ်ထပ်မံပြုလုပ်မည်ဆိုပါက ဥပဒေအတိုင်းအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မိုးမောက်မြို့နယ် အမျိုးသားလွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ KNC ဥက္ကဌ ဒေါက်တာကောန်လ ၎င်း၏လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ဆိုင်းဘုတ်သည်လုံးဝ ဖျက်ဆီးခံရပြီး ကချင်ကွန်ကရက်ပါတီ KNC ၏ ဆိုင်းဘုတ်သည် ဆိုင်းဘုတ် အောက်ခြေတွင် ခုတ်ခံထားရကြောင်း သိရသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဘရန်အောင်က ယခုလိုပြောသည်။

“ကျနော်တို့အနေနဲ့တော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဆိုင်းဘုတ်ခုတ်တဲ့သူကို ဖြေရှင်းတဲ့ချိန်ကျရင်တော့ အဲက ဒေသခံပြည်သူတွေရဲ့အသံကို နားထောင်ပြီးတော့ ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာကို အဆုံးအဖြတ်ယူသွားဖို့တော့ တိုင်ပင်ထားကြပါတယ်။ အခုကြားရသလောက်တော့ အဲလူက စိတ်မနှံ့သူဖြစ်တယ်ဆိုပြီး ပြောသံတွေလည်းကြားနေရတယ်။ စိတ်မနှံ့သူဆိုပေမယ့် ဆိုင်းဘုတ်ခုတ်တာကျတော့ ကချင်ပါတီတွေရဲ့ဆိုင်းဘုတ်ဘဲ ခုတ်ထားတာဆိုတော့ ဒါဘယ်လိုကြောင့်လဲဆိုတာ သံသယဝင်စရာတွေတော့ဖြစ်နေတယ်။” ဟု ဦးဘရန်အောင် ကခုလို ပြောသည်။

နိုဝင်ဘာလ ၈ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မဲဆန္ဒနယ်(၁)တွင် မဲရုံပေါင်း ၂၀ရှိပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၂၀၁၅၇ ရှိပြီး မဲဆန္ဒနယ်အမှတ် (၂)တွင် မဲရုံပေါင်း ၂၅ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေသည် ၃၂၀၃၀ ရှိကြောင်း သက်ဆိုင်ရာကော်မရှင်ရုံးမှ သိရသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် မဲရုံပေါင်း ၉၁၈ ရုံရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၈ပါတီရှိကာ မဲဆန္ဒရှင်ဦးရေ ၁၁သိန်းခန့်ရှိသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...