ကန်ပလက်မြို့နယ်ရှိ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တောင်ထိပ်တွင် လက်ဝါးကပ်တိုင် တည်ဆောက်မှုအတွက် သင်းအုပ်ဆရာတော်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှ ခေါ်ယူကာ ခံ၀န်ချက်လက်မှတ် ရေးထိုးစေခဲ့ကြောင်း KCC GS သက္ခာတော်ရဆရာတော် မနားလှေ့က ချင်းဝေါလ်သို့ပြောသည်။
သူက “ ဆောက်တာတော့ ပြီးသွားပြီ။ မြို့နယ်မှာလည်းခေါ်တယ်။ ခရိုင်လည်းခေါ်တယ်။ ဖြေရှင်းပြီးသွားပြီ။ ပြည်နယ်မှာလည်း တင်မယ်လို့ သိရတယ်။ ဖြေရှင်းဖို့လိုရင် ဖြေရှင်းဖို့ အသင့်ပါပဲ”ဟုပြောသည်။
သူကဆက်ပြီး “အသစ်လုပ်တာမဟုတ်ဘူး။ အဟောင်းကို ပြန်လုပ်တာဖြစ်တယ် ။သစ်ပင်တစ်ပင်မှ မခုတ်ဘူး။ မြက်ခင်းပြင်မှာပဲ တူးပြီးလုပ်တာဖြစ်တယ်။ သစ်တောလည်း မထိခိုက်ဘူး။ ကိုယ့်နယ်မှာ ဗုဒ္ဓဘာသာလည်း ရှိတယ်။ ခရစ်ယာန်ဘာသာလည်းရှိတယ် အဲဒါကြောင့် လုပ်တယ်လို့ပြောတယ်”ဟုပြောသည်။
တောင်ထိပ်တွင် ခရစ်ယာန်ဘာသာတို့၏ အထွဋ်အမြတ်ထားသည့် လက်ဝါးကပ်တိုင် တည်ဆောက်ခြင်းမှာ ခွင့်ပြုမိန့် မကျသေးမီ တည်ဆောက်ခြင်းကြောင့် တားမြစ်စာ တင်ပြရခြင်းဖြစ်ကြောင်း ခေါ်နူးစုမ်အမျိုးသား ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးကပြောသည်။
ဦးတင်မြစိုးက “လက်ဝါးကပ်တိုင် တည်ဆောက်ဖို့ ဥပဒေအရ ခွင့်ပြုချက်လည်း မရသေးဘူး။ သက်ဆိုင်ရာ ပြည်နယ်စိုးရဖွဲ့ကို ရှိပြီးသား လက်ဝါးကပ်တိုင်ကို မွမ်းမံပြင်ဆင်ဖို့ တင်ပြထားတာတွေတော့ ရှိတယ်။ ခွင့်ပြုချက်မရလို့ ဆိုင်းငံ့ခိုင်းတာကို ဆက်လုပ်နေတယ်။ ဒါကိုခွင့်ပြုချက် မရခင်မှာ လုပ်တယ်ဆိုတော့ ဒီမှာတာဝန်ရှိသူ အနေနဲ့ တားမြစ်တဲ့ သဘောဖြစ်တယ်”ဟုပြောသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ Field Director ဖြစ်သူ ပူးသဲရာက "သမိုင်းအဆက်ဆက် ခရစ်ယာန်ဘာသာနဲ့ပတ်သက်ပြီး သူတို့တရား၀င်ခွင့်ပြုချက်ပေးတာမရှိဘူး"ဟု ထောက်ပြသည်။
သူက “ဒါမျိုးအစိုးရကတော့ ဗုဒ္ဓဘာသာကလွဲပြီး တခြားလူနည်းစုဘာသာကို အမြဲခွဲခြားနေမှာပဲ။ အခုမှ မဟုတ်ဘဲ အရင်ကတည်းကပဲ။ ခွင့်ပြုချက်တင်ခဲ့ရင်တောင် ရမှာမဟုတ်ဘူး။ ရလည်းမရခဲ့ဖူးဘူး။ အမှန်ဆိုရင် ကိုယ့်ဒေသမှာ သူတို့လုပ်သလိုပဲ ကျတော်တို့လည်း လုပ်ခွင့်ရှိရမယ်။ ဒါပေမယ့် သူတို့က နောင်လည်းအခုလို ဖိနှိပ်နေကြဦးမှာပဲ။ အဲဒါသူတို့ရဲ့ ဗျူဟာဖြစ်တာကိုး” ဟုပြောသည်။
သိက္ခာတော်ရဆရာတော် ဦးမနားလှေ့က “မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာလည်း စာတင်ထားတယ် ။ခရိုင်မှာလည်း ကိုယ်တိုင် စာသွားပို့တယ် ။ နောက်ပြည်နယ် ဝန်ကြီးချုပ်ဆီမှာလည်း စာသွားပို့တယ် ။ ပြည်နယ် သစ်တောကိုလည်း စာပို့တယ် ။ ကန်ပက်လက် ဌာနဆိုင်ရာအ စည်းအဝေးမှာလည်း တင်ပြခဲ့တယ်။ ဂိုဏ်းပေါင်းစုံ မနှစ်က လုပ်ဖို့စီစဉ်ပြီး လုပ်တာဖြစ်တယ်။ အဲဒီမှာရှိတဲ့ လက်ဝါးကပ်တိုင် အဟောင်းကို ပြုပြင်ဖို့ရှိတယ်။ လက်ဝါးကပ်တိုင် အဟောင်းကလည်း မဆလာ မကပ်မှာစိုးလို့ လက်ဝါးကပ်တိုင် အဟောင်းကို ဖြိုပြီးမှ အသစ်နဲ့ လုပ်လိုက်တာဖြစ်တယ်” ဟုပြောသည်။
ခေါ်နူးစုမ်တောင်ထိပ်တွင် ၂၀၀၀ ပြည့်နှစ်က ကမန်းကတန်း တည်ဆောက်ခဲ့သည့် လက်ဝါးကပ်တိုင်မှာ အမြင့်ဆယ်ပေခန့်ရှိပြီး ၎င်းကို အမြင့်ပေ ၂၀၊ အကျယ် (၄)ပေခန့်ဖြင့် သိန်း (၁၀၀) ဝန်းကျင်ခန့် အကုန်အကျခံ ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
အာဆီယံအမွေအနှစ်ဖြစ်သည့် ခေါ်နူးစုမ် တောင်ထိပ်တွင် ခရစ်ယာန်တို့၏ အထွဋ်အမြတ်ထားရာ လက်ဝါးကပ်တိုင်အပြင် ဗုဒ္ဓဘာသာများ၏ စေတီတစ်ဆူ နှင့် ဇရပ်တစ်လုံးလည်း ရှိသည်။







