စစ်အုပ်စု ပြန်ထိန်းချုပ်သည့် ဖလမ်းမြို့သို့ ၃ လကျော်ကြာသည်အထိ ဒေသခံအများစု ပြန်မလာသေး

စစ်အုပ်စု ပြန်ထိန်းချုပ်သည့် ဖလမ်းမြို့သို့ ၃ လကျော်ကြာသည်အထိ ဒေသခံအများစု ပြန်မလာသေး
ဓါတ်ပုံ - Crd
ဓါတ်ပုံ - Crd

စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့ ၃ လ ကျော်ကြာလာသည်အထိ ဒေသခံအများစု နေရပ်ပြန်မလာနိုင်ကြသေးကြောင်း ဖလမ်းမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လူဦးရေ ၁၂,၀၀၀ ဝန်းကျင်ခန့် ရှိခဲ့သည့် ဖလမ်းမြို့ပေါ်သို့ လက်ရှိ ပြန်လာနေထိုင်သည့် ဒေသခံ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး ကျန် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်မှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်မလာနိုင်သေးကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

ဖလမ်းမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အခုချိန် ဖလမ်းမြို့ကို ၅ ရာခိုင်နှုန်းက နေ့ချင်းပြန်လာပြီး ပြန်လိုက် အဲ့လိုမျိုး အခြေအနေဖြစ်တယ်။ မြို့ခံလူဦးရေ အများစု ၆၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်း လောက်က မပြန်ကြသေးဘူး။ ကျနော့်အထင် ပထမအနေနဲ့ ကျောင်းနေအရွယ် ကလေးရှိတဲ့ မိဘတွေ အနေနဲ့ သူတို့ စစ်ရှောင်ခဲ့တဲ့နေရာမှာ ကျောင်းထားလို့ ဖြစ်မယ်။ ဖလမ်းမြို့ဘက်က အခြေအနေတွေ အန္တရာယ်ရှိ နိုင်သေးတယ်လို့ မြင်ကြတာလည်း ပါမယ်။ တချို့ကတော့ စစ်ရှောင်တဲ့နေရာမှာ စီးပွားရေးလုပ် တာ အဆင်ပြေကြသေးလို့ အဲ့လို အနေအထားတွေ စတာတွေကြောင့် ဖြစ်မယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုဘက်က ဖလမ်းမြို့တွင်း တိုက်ပွဲများအတွင်း ထိခိုက်ပျက်စီးသွားသည့် အရပ်သား များအတွက် ပျက်စီးမှု အခြေအနေပေါ် မူတည်၍ စစ်အုပ်စု အုပ်ချုပ်ရေးအဖွဲ့ဘက်မှ အိမ်တစ်အိမ်လျှင် သွပ်ပြား ၃၀ နှင့် ဘိလပ်မြေ ၅ အိတ် ကူညီထောက်ပံ့ပေးလျက် ရှိကြောင်း ဒေသခံများက ဆိုသည်။

ဖလမ်းဒေသခံတစ်ဦးက “ထောက်ပံ့ပေးနေတာတွေ ရှိပါတယ်။ အပျက်အစီးတွေကို ဘယ်လို စံနှုန်းသတ်မှတ် ချက်တွေ ထားပြီး ကူညီတယ်ဆိုတာတော့ အတိအကျ မသိပေမဲ့ ထောက်ပံ့ပေးနေတာက တစ်အိမ်ကို သွပ်ပြား ၃၀ နဲ့ ဘိလပ်မြေ ၅ အိတ် ပေးတယ်။ အိမ်ထောင်စု ဘယ်နှခုကို ပေးတယ်ဆိုတာတော့ အတိအကျ မသိဘူး။ နောက်ပြီး အခု ထောက်ပံ့တာတွေက ဖလမ်းမြို့အတွင်းပဲလို့ သိရတယ်” ဟု ပြောသည်။

ကူညီထောက်ပံ့မှု မရရှိသေးဘဲ လျှောက်ထားလိုသူများနှင့် ထောက်ပံ့မှု မရမီ အိမ်ပြင်ဆင်ပြီးစီးသွားသူများ အနေဖြင့် ပျက်စီးသွားသော အိမ်ဓာတ်ပုံများ သို့မဟုတ် မီးလောင်ကျွမ်းသွားသည့် အိမ်နေရာ ဓာတ်ပုံများကို A4 စက္ကူဖြင့် ပရင့်ထုတ်ယူကာ လျှောက်ထားသူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မိတ္တူများနှင့်အတူ ဖလမ်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ တင်ပြလျှောက်ထားပါက ကူညီထောက်ပံ့မှုများ ပြန်လည်ရရှိနိုင် ကြောင်း ဖော်ပြထားသည်။

အိမ်ထောင်စုများအတွက် သာမက ဖလမ်းမြို့တွင်းနှင့် ကျေးလက်ဒေသများရှိ တံတား၊ ရေမြောင်း၊ လမ်း စသည့် အများပိုင် သာရေး၊ နာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများအနေဖြင့်လည်း စစ်အုပ်စု၏ ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လျှောက်လွှာ တင်ပြနိုင်ကြောင်း ဆိုသည်။

ကျေးလက်ဒေသမှ လျှောက်ထားသူများ ဖြစ်ပါက သက်ဆိုင်ရာ ကျေးရွာ၏ အိမ်ခြေစာရင်း၊ လူဦးရေစာရင်း (ကျား/မ စုစုပေါင်း) နှင့် ကျေးရွာအတွင်း စစ်တပ်ကျောင်း ဖွင့်/မဖွင့် စသည့် အချက်အလက်များကို ပြည့်စုံစွာ ရေးသားဖော်ပြရမည် ဖြစ်သည်။

စစ်တပ်က ဖလမ်းမြို့ကို ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာ အသီး သီးမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအပြင် မြို့ခံ ပြည်သူအချို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဌာနဆိုင်ရာ ရုံးများနှင့် ကျောင်းများကိုလည်း ဇွန်လ ၁ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...