ဖလမ်းနှင့် ဟားခါးမြို့များတွင် စစ်တပ်က ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်

ဖလမ်းနှင့် ဟားခါးမြို့များတွင် စစ်တပ်က ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်
ဓါတ်ပုံ - ပုံဟောင်း (Crd)
ဓါတ်ပုံ - ပုံဟောင်း (Crd)

ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့် လူငယ်များကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

ဖလမ်းမြို့တွင် မြို့လယ်လမ်းဆုံတစ်နေရာ၌ ဩဂုတ်လ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တပ်က ဒေသခံလူငယ် များနှင့် လူလတ်ပိုင်းများကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် လူငယ် ၃ ဦးကို လက်ထိပ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဖလမ်းမြို့ခံတစ်ဦးက “အမျိုးသား ၃ ဦး ဖမ်းဆီးခံရတယ်လို့ ပြောဆိုကြတာတော့ သိရတယ်။ ဒါပေမဲ့ ဘယ်သူ တွေကို ဖမ်းဆီးသွားတာလဲဆိုတာနဲ့ ဘာကြောင့် ဖမ်းဆီးရတာလဲဆိုတာကိုတော့ ကျနော်တို့လည်း အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ ဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သိရပါတယ်” ဟု ပြောသည်။

ထိုသို့ စစ်ဆေးနေစဉ်အတွင်း ဖလမ်းနှစ်ခြင်းဘုရားကျောင်းမှ ယာဉ်မောင်းတစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဘုရားကျောင်းဝင်းထဲသို့ ဝင်ခါနီးတွင် စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များက တားဆီးကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့သည့်အပြင် အခြားလူငယ် ၂ ဦးကိုလည်း ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်တပ်က ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ထားပြီးနောက် မြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင် ကြသူများအနေဖြင့် တော်လှန်ရေး အင်အားစုများနှင့် ဆက်စပ်သည်ဟု ယူဆခံရခြင်း သို့မဟုတ် မိသားစုဝင် ဖြစ်ခြင်းတို့ကြောင့် ဆက်လက်ဖမ်းဆီးခံရမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

အလားတူ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ CB ဘဏ်ရှေ့တွင်လည်း စစ်တပ်က ဩဂုတ်လ ၆ ရက်နေ့၌ လက်ပစ်ဗုံးတစ်လုံးကို ဖောက်ခွဲခဲ့ပြီးနောက် ဒေသခံအမျိုးသား အယောက် ၄၀ မှ ၅၀ ခန့်ကို ဖမ်းဆီး စစ်ဆေး မှုများ ပြုလုပ်ခဲ့သေးသည်။

ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ CB ဘဏ်ရှေ့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရေး ဆောင်ရွက် နေစဉ် စစ်တပ်ဘက်က လက်ပစ်ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကို CDF လက်ချက်အဖြစ် စွပ်စွဲနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း CDF - Hakha ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Salai Ram Hngak ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့နောက် စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် သေနတ်များ ပစ်ဖောက်ခဲ့ကြရာမှ ကျည်အချို့ ပျံ့နှံ့သွား ခဲ့ပြီး ဈေးအတွင်းရှိ အမျိုးသားများနှင့် လမ်းသွားလမ်းလာ အမျိုးသားများကို ဖမ်းဆီးကာ အင်္ကျီများချွတ်ခိုင်းပြီး ကြိုးဖြင့်ချည်နှောင်ကာ စုစုပေါင်း အယောက် ၄၀ မှ ၅၀ ခန့်အကြား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများကို စစ်တပ်ဘက်က ဆက်လက် ထိန်းသိမ်းလိုသော်လည်း ရဲတပ်ဖွဲ့ဝင်များက အပြစ် မရှိသူများကို ပြန်လွှတ်ပေးသင့်ကြောင်း သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဆိုသည်။

သို့သော်လည်း စစ်တပ်က အရပ်သားပြည်သူများကို ဆက်တိုက်ဖမ်းဆီးရန် ကြိုးပမ်းလျက်ရှိနေဆဲဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးကာ ဖုန်းစစ်ဆေးမှုများကိုပါ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...