ရက္ခိုင့်တပ်မတော် (AA) က သုံးလကြာ ဖမ်းဆီးထားသည့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ဇန်နဝါရီ ၂၁ရက်နေ့တွင် ပြန်လွှတ်ခဲ့သည့်အပေါ် အားလုံးမျှော်လင့် တောင်းဆိုထားသည့် ကိစ္စဖြစ်သဖြင့် ဝမ်းသာကြိုဆိုကြောင်း ချင်းလူမှုအသိုင်းအဝိုင်း အလွှာစုံမှ ပုဂ္ဂိုလ်အချို့က ပြောဆိုကြသည်။
ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ကျနော်တို့အနေနဲ့က ကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ပေးဖို့ အမြဲတမ်း တောင်းဆိုခဲ့တယ်၊ အခုလိုမျိုး ကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကျနော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်၊ ဦးဝှေ့တင်းနဲ့ ဖုန်းပြောတော့လည်း ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောပါတယ်၊ နောက်ပြီးတော့ စစ်ပွဲဖြစ်နေတဲ့ကြားမှ လက်ရှိပျောက်ဆုံးနေတဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကိုလည်း ဘယ်သူပဲဖမ်းဖမ်း မတရားမှုလို့ပဲ မြင်တယ်ပေါ့၊ အဲဒါကြောင့် ဘယ်သူပဲဖမ်းဖမ်း ကျန်တဲ့သူတွေ ပြန်လွှတ်ပေးဖို့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။
ဦးဝှေ့တင်းကို ၂၀၁၉ နိုဝင်ဘာ ၃ ရက်နေ့တွင် AA က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီ ၂၁ရက် ညနေပိုင်းတွင် ကျောင်းဆရာ ဦးတောင်ပန်းနှင့်အတူ ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ “သူလွတ်လာတာ ဝမ်းသာတာပေါ့၊ ဒီကိစ္စက ပြည်တွင်းပြည်ပက ချင်းတွေအားလုံး တောင့်တနေတဲ့ ကိစ္စပဲလေ၊ အခုလွှတ်လိုက်တဲ့အတွက် အားလုံးဝမ်းသာကြပါ၊ ဒီလိုမျိုးပဲ ဖြစ်သင့်တာပဲလေ၊ အခုဖမ်းတာတစ်ချို့ကိုလည်း မကြာခင်လွှတ်လိုက်ရင်တော့ ကောင်းတာပေါ့၊ သူတို့က ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လဲတော့မသိဘူး၊ ဦးဝှေ့တင်းက ပြည်သူရွေးချယ်တဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် အခုလို ကျန်းကျန်းမာမာနဲ့ထားပြီးပြန်လွှတ်တယ်ဆိုတော့ သူတို့ကို ကျေးဇူးတင်ရမှာပေါ့ဗျာ” ဟု ပြောသည်။
ယင်းသို့ ပြန်လွှတ်ပေးသည့်အပေါ် ဝမ်းသာကြိုဆိုပြီး ဖမ်းဆီးခံနေရဆဲဖြစ်သူ အပြစ်မဲ့ ဒေသခံ ပြည်သူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း တောင်းဆိုကြသည်။
ဦးဝှေ့တင်း ပြန်လွတ်လာသည့်အပေါ် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် CNRWG ၏ Director ကို Lian Tuang မှ “ ဦးဝှေ့တင်းအနေနဲ့ အသက်ရှင်ပြီးတော့ ပြန်လွတ်လာတာ ဝမ်းသာတယ်၊ နောက်ပြီးတော့ သူတို့လက်ထဲမှာ ကျန်သေးတဲ့ အဖမ်းခံရတဲ့ လူတွေကို ချင်းလူမျိုးအပြင် ရခိုင်လူမျိုးအဖမ်းခံရတဲ့သူတွေကိုလဲ ခုလိုမျိုး ကျန်းကျန်းမာမာ ပြန်လွှတ်ပေးဖို့ မျှော်လင့်တယ်၊ စစ်ရေးနဲ့ဖြစ်တဲ့ကိစ္စကို စစ်ရေးနဲ့ပဲ ဖြေရှင်းစေချင်တယ်၊ အခုဟာက သူတို့ဦးတည်ချက်ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေကိုထိခိုက်နေတယ်၊ အဲဒါမကောင်းဘူး၊ ပြည်သူတွေထိခိုက်တဲ့ကိစ္စကိုတော့ ဘာမှ မလုပ်စေချင်ဘူး”ဟု ပြောသည်။
ရခိုင်နှင့် ခူမီး အမျိုးသားများအကြားတွင် အပြန်အလှန် နားလည်မှုများ၊ ယုံကြည်မှုများ အပြင် အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့်အလျောက် ညီရင်းအစ်ကို ဆက်ဆံရေးကို ပြန်လည်တည် ဆောက်လိုပြီး မိမိတို့အချင်းချင်းအကြားတွင် ဖြတ်သန်းရမည့် ရေရှည်ကို ထောက်ရှု၍ ပြန်လွှတ်ပေး လိုက်ခြင်းဖြစ်ကြောင်း ဦးဝှေ့တင်းကို ပြန်လည်လွှတ်ပေးရခြင်းနှင့် ပတ်သက်ပြီး AA အဖွဲ့မှ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။







