ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ မကွေးတိုင်းဒေသကြီးသို့ ပြောင်းရွှေ့နေထိုင်လိုသည့် ချင်းလူမျိုးများအနေဖြင့် လက်ရှိနေထိုင်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံက ထောက်ခံစာ မပေးခြင်းကြောင့် ပြောင်းရွှေ့၍ မရသေးကြောင်း အရှိုချင်းလူငယ်ခေါင်းဆောင် ဆလိုင်းရိုးမောင်က ပြောသည်။
ဆလိုင်းရိုးမောင်က “အခုလောလောဆယ်တော့ ကျွန်တော်တို့ ဒေသဖက်ကို ပြောင်းရွေ့လာတာ (၁၀၀)ကျော်ဘဲရှိသေးတယ်။ အများစုက ဟိုဖက်မှာ မှတ်ပုံတင်လည်း မရှိ၊ အိမ်ထောင်စုစာရင်းလည်းမရှိတော့ ကျွန်တော်တို့ ဖက်ကိုလာလို့ မရဘူးလို့ သိရတယ်။ နောက်ပြီး သူတို့ရွာက အုပ်ချုပ်ရေးမှူးကလည်း ထောက်ခံစာလည်း မပေးဘူးလို့ သိရတယ်”ဟုပြောသည်။
လက်ရှိရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်ဖက်တွင် ရခိုင်တပ်မတော်AAအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် စစ်ပွဲဖြစ်ပွားရာ အနီးနားတွင် ရှိသည့် ကျေးရွာနေ ပြည်သူများမှာ ၎င်းတို့နေရပ်ဒေသကို စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ကျေးရွာများတွင် နေထိုင်သည့် ချင်းလူမျိုးအယောက် (၇၀၀) ဝန်းကျင်မှာလည်း မကွေးတိုင်းဒေသဖက်သို့ ပြောင်းရွေ့နေထိုင်ရန် ပြင်ဆင်လျှက်ရှိပြီး လက်ရှိမကွေးတိုင်း ဒေသဖက်သို့ ပြောင်းရွေ့ နေထိုင်ပြီးဖြစ်သည့် ချင်းလူဦးရေ (၁၀၀) ဝန်းကျင်လောက် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။
အရှိုချင်းလူငယ်ခေါင်းဆောင် ဆလိုင်းရိုးမောင်က “လက်ရှိ စစ်ဘေးရှောင်တွေက သူတို့အသိ ရွာတွေ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်အိမ်မှာ နေတယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ နောက်ပြီး ချင်းပြည်နယ် အစိုးရဖွဲ့တွေကနေ လူဦးရေစာရင်း အတိအကျ ရရင်တင်ပေးဖို့လည်း တောင်းဆိုတာတွေလည်း ရှိတယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသဖက်သို့ ပြောင်းရွှေ့လိုသည့် လူဦးရေ စာရင်းအတိအကျ သိရှိရပြီးနောက်မှသာ ပြောင်းရွှေ့နေထိုင်မည့်သူများ၏ နေရာထိုင်ခင်းများကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။
မကွေးတိုင်းဒေသကြီး ကျေးရွာအချို့တွင် ရခိုင်ပြည်နယ်ဖက်မှပြောင်းရွှေ့လာသည့် ချင်းလူမျိုးများမှာ ရာဂဏန်းရှိနေပြီ ဖြစ်ပြီး ရခိုင်ပြည်နယ်မှ နောက်ထပ် ပြောင်းရွှေ့လာဦးမည့် ချင်းလူမျိုးလူဦးရေ ခြောက်ရာကျော် ဝန်းကျင် ရှိနိုင်ကြောင်းသိရသည်။







