ခူမီးချင်းမျိုးနွယ်စုများ ရေးရာပူးပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အပေါ် ရက္ခိုင့်တပ်မတော် (AA)မှ ၎င်းတို့၏ VK လူမှုကွန်ယက်စာမျက်နှာတွင် AAမှ ချင်းလူမျိုးများအပေါ် လူ့အခွင့်အရေးကျူးလွန်ခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ညာချက်နှစ်စောင်ဖြင့် ဇန်နဝါရီ (၁၂)ရက်ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်နှစ်စောင်မှာ ပလက်ဝမြို့နယ် “ကျေးလေရွာ” အတွင်း ရက္ခိုင့်တပ်မတော်မှ ဝင်ရောက်ရသည့် အကြောင်းရင်းနှင့် ကျီးလေးရွာသူတစ်ဦးနှင့်ပတ်သတ်၍ စွပ်စွဲရေးသားချက်အား ငြင်းဆိုသည့် ထုတ်ပြန်ကြေညာချက်နှင့် ပလက်ဝမြို့နယ်အတွင်း ကြက်ဥဝရွာနှင့် ဆီးဖလောင်ရွာသားများသေဆုံးခြင်းမှာ မိမိတို့နှင့် ပတ်သတ်မှုမရှိကြောင်း ထုတ်ပြန်ကြေညာချက်တို့ဖြစ်သည်။
ပထမထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ် ကျီးလေရွာအတွင်းသို့ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ရက္ခိုင့်စစ်ကြောင်းတစ်ကြောင်းဝင်ရောက်ခဲ့ပြီး ၎င်းရွာအတွင်းရှိ ရန်သူ၌သတင်းပေးအချို့အား တွေ့ဆုံရန်နှင့် သတိပေးရန်ဝင်ရောက်ခဲ့ခြင်းသော်လည်း အဆိုပါ ရန်သူ့သတင်းပေးအချို့မှာ ထွက်ပြေးသွားသဖြင့် ကျန်ခဲ့သူ ရွာသူရွာသားများအား စစ်ဆေးမေးမြန်းစဉ်အတွင်း မိမိတို့တပ်ဖွဲ့ဝင်များမှ ရိုက်နှက်ခြင်း၊ ထုထောင်းခြင်း အနည်းငယ်ရှိခဲ့ကြောင်း လိုအပ်သည်ထက်ပိုမိုရိုက်နှက်ခဲ့သည့် တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်မတော် တပ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ရွာသူ/ရွာသားများ ကျေနပ်သည်အထိ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် “ချင်းအမျိုးသမီးငယ်တစ်ဦးအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန်ကြိုးစားခြင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ရန် လုပ်ဆောင်လာခြင်း”ဟူသောစွဲဆိုချက်မှာ နိုင်ငံတကာမှ အထင်အမြင်လွဲမှားရန် ရေးသားထားခြင်းသာဖြစ်ပြီး လုံးဝဟုတ်မှန်ခြင်းမရှိကြောင်း အဆိုပါအမျိုးသမီးမှာ ထွက်ပြေးလွတ်မြောက်သွားသည့် ရန်သူ့သတင်းပေးဟု သံသယရှိသူ၏ သမီးဖြစ်ပြီး သူမအား မေးမြန်းစစ်ဆေးရာတွင် အနည်းငယ်ရိုက်နှက်ခဲ့ခြင်းမှာ ဟုတ်မှန်သော်လည်း လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မသိမ်းပိုက်ရန် ကြိုးခဲ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းမျိုး လုပ်ဆောင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
ထုတ်ပြန်ချက် ဒုတိယစာစောင်တွင် ပလက်ဝမြို့နယ်၊ ကြက်ဥဝရွာသား(၂) ဦး နှင့် ဆီးဖလောင်းရွာသား(၁) ဦးတို့ သေဆုံးခဲ့ခြင်းမှ မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ အဆိုပါသေဆုံးနေသည့်ရွာသား(၃) ဦးအားတွေ့ရှိသည့်နေရာဖြစ်သော"အန်ခိုဝရွာ"နှင့် "စိမ့်စင်းဝရွာ"အကြားနေရာမှာ ပလက်ဝမြို့မှ(၂.၅) ကီလိုမီတာခန့်အကွာအဝေးတွင်ရှိသောနေရာသာဖြစ်ပြီး သေဆုံးနေသူများ၏ရွာများနှင့် သေဆုံးနေသူများအားတွေ့ရှိသည်ဟုပြောဆိုနေသည့်နေရာများမှာ ပလက်ဝအခြေစိုက်၊ ခလရ(၂၈၉) ၏လှုပ်ရှားသွားလာသည့်နေရာများဖြစ်ပြီး မိမိတို့တပ်ဖွဲ့အနေဖြင့်အဆိုပါနေရာများတွင် လှုပ်ရှားသွားလာခြင်းမရှိကြောင်း ရေးသားထားသည်။
KACC၏ ဇန်နဝါရီ ၁၀ရက် ထုတ်ပြန်ကြေညာချက်တွင် AA တပ်ဖွဲ့ဝင်တစ်ဦးမှ ကျီးလေကျေးရွာခံ ချင်းအမျိုးသမီးငယ်တစ်ဦးကို အဓမ္မသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပြီး ကန့်ကွက်တားဆီးခဲ့သည့် ရွာလူကြီးများကို AA အဖွဲ့ဝင်များမှ ရိုက်နှက်ပြီး လူငယ်များအား ကျေးရွာရှေ့ ကုလားတန် မြစ်ကမ်းဘေးမှာ နေပူလှန်း ချုပ်နှောင်ထားခြင်း၊ ကျေးရွာသားတစ်ရာကျော်ကို ဖမ်းဆီးပြီး ရိက္ခာဆန်အိတ် သယ်ခိုင်းခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်မတော် (AA)၏ ပြန်လည်ထုတ်ပြန်ချက်အပေါ် KACC အဖွဲ့အား မှတ်ချက်ပေးရန် Chin World Media မှ ဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလောဖြေကြားလိုခြင်းမရှိသေးကြောင်း သိရသည်။







