ချင်းပြည်နယ် အစိုးရအနေဖြင့် ကျင်းပမည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဘက်ဂျက်ငွေ သိန်းသုံးထောင်ကျော် အကုန်ကျခံပြီး ထန်တလန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ထံမှ သိရသည်။
“သတ်မှတ်ချက်က အတည်တကျပြောဖို့ခက်တယ်၊ကုန်ကျစရိက်က သိန်းသုံးထောင်ကျော်လောက်ကုန်မယ့် အနေထားလောက်ဖြစ်တယ်၊အခုကျွန်တော်တို့ရမယ့် ဘက်ဂျက်က သိန်း ၂၈၀၀ လောက်ရှိမယ်၊ အစိုးရဘက်ဂျက်လည်း နည်းနည်းပါတယ်၊ အလှူခံတဲ့ငွေတွေလည်းပါတယ်၊Company ကရထားတဲ့ဟာတွေလည်းပါတယ် ပြည်တွင်းပြည်ပတက်နိုင်တဲ့လူတွေဆီက အလှူခံဖို့ဆက်လုပ်နေတယ်၊” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။
ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အကြိီးအကဲများ၊ ပြည်တွင်းပြည်ပဧည့်သည်များ ဖိတ်ရန်စီစဉ်ထားပြီး တည်းခိုရေး၊နေထိုင်စားသောက်ရေး၊သွားလာရေးများ အဆင်ပြေရန်အတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ၊ဘာသာရေးအဖွဲ့စည်းများနှင့် ညှိနှိုင်းပြီးလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
ထန်တလန်မြို့ မြိူ့မြို့ဖကော်မတီဝင် ဒုဥက္က Pu Lawm Bik မှ “ ကျွန်တော်တို့မြို့မှာ ကျင်းပဖို့ဆုံးဖြတ်တဲ့အချိန် သြဂုတ်လလောက်မှ ဆိုတော့ အခုပွဲကျင်းပဖို့အတွက်အခက်တွေ့နေတယ်၊သိန်း ၆၀၀ လောက် ဒီမြို့ကနေ ထုတ်ဖို့ပြောတယ်၊ မြို့ပေါ်ကနေ သိန်း ၄ဝဝလောက်ထုတ်နိုင်အောင်လုပ်မယ်၊ရွာတွေအားလုံးပေါင်းပြီး သိန်း ၂ဝဝလောက်တော့ စီစဉ်ပေးနိုင်အောင်တော့ လုပ်ထားတယ် ၊အခု ဟားခါး၊ကလေး၊မန္တလေး စတဲ့ မြို့တွေမှာရှိတဲ့ ထန်တလန်လူမျိုးတွေဆီမှာ အလှူခံဖို့လုပ်နေတယ်၊နိုင်ငံခြားဧည့်သည် အယောက် ၁၀၀ လောက်ကိုလည်း ဖိတ်ထားပြီးပါပြီ” ဟုပြောသည်။
ချင်းမျိူးသားနေ့အတွက်အားလုံးပြင်ဆင်ပြီးသားဖြစ်သည့် အတွက် ပြည်ထောင်စုနေ့ကိုလည်းထန်တလန်မှာတွင် ဆက်လုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဦးစိုးထက်မှ ဆက်လက်ပြီး “ကျွန်တော်တို့အခု ဘောလုံးကွင်းကိုလည်း အဆင်ပြေအောင်ဆောင်ရွက်တယ်၊လမ်းတွေလည်း ကောင်းအောင်လုပ်ထားတယ်၊ရဟတ်ယဉ်ဆင်းဖို့ ကွင်း(၂)ကွင်းပေါ့ အဲတာတွေလည်း ကျွန်တော်တို့ကြည့်ထားပြီးပြီ၊လုပ်ငန်းရဲ့ ၇၀%လောက်က အကုန်ပြီးနေပါပြီ” ဟုပြောသည်။
ချင်းအမျိုးသားနေ့ကို ယခင်က ပလက်ဝမြို့တွင်ကျင်းပရန် လျာထားသော်လည်း နယ်မြေအတွင်း တိုက်ပွဲများဖြစ်နေခြင်းကြောင့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် ပြောင်းရွေ့သတ်မှတ်ထားခြင်းဖြစ်သည်။







