ဒုက္ခသည်များအတွက် ဒေါ်နယ်ထရမ့်ပေးသည့် သောက

ဒုက္ခသည်များအတွက် ဒေါ်နယ်ထရမ့်ပေးသည့် သောက

သွပ်ပြားအမိုးနိမ့်နိမ့် ဘိလပ်မြေအုပ်နံရံနှင့် အကြမ်းထည်သာသာ ယာယီဆောက်လုပ်ထားသည့် အဆောက်အဦး၌ ငါးထပ်သားကာ အခန်းများဖွဲ့ထားပြီး အခန်းတစ်ခုချင်းစီတွင် ကော်ဇောကပ်ထားသည့် လူနာကုတင်အများအပြား တန်းစီထားသည်။

ဆေးရုံဟုဆိုသော်လည်း မထည်ဝါလှ။ အမိုးနိမ့်နိမ့် သာမန်အဆောက်အဦး၌ ယခုအခန်းအချို့ သော့ပိတ်ထားပြီး ယခင်ကလေးငိုသံများနှင့် နေ့စဉ် စည်ကားခဲ့ဖူးသည့် သားဖွားခန်းသည်လည်း အသံတိတ်ဆိတ်နေလျက်။

ယင်းသည် ထိုင်း-မြန်မာ နယ်စပ် အုန်းဖျန်ဒုက္ခသည်စခန်းရှိ ဆေးရုံ၏ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်း အခြေအနေဖြစ်သည်။ ထိုစခန်းသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖို့ဖရတ်မြို့နယ်တွင် တည်ရှိပြီး ပြည်တွင်း စစ်ရှောင် ဒုက္ခသည် တစ်သောင်းဦးကျော် နေထိုင်လျက်ရှိသည်။

မထည်ဝါလှသည့် ဆေးရုံအတွင်း အခန်းအဝင်ဝ၌မူ ကမ္ဘာ့စူပါပါဝါနိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စုအလံကို ကပ်ထားပြီးအလံအောက်၌ ဘေးနားအဝါရောင်နှင့် အမည်းရောင်မြှားသင်္ကေတပါ IRC အဖွဲ့အမှတ်တံဆိပ်ကို ကပ်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် အမေရိကန်အစိုးရအစီအစဉ်ဖြင့် IRC အဖွဲ့က ပံ့ပိုးထားသည့် ဆေးရုံတစ်ခုဖြစ်ကြောင်း ပေါ်လွင်စေသည်။

သို့သော် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်မူ International Rescue Committee (IRC)က ဆေးရုံအတွက် ထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီးဟု ရုတ်တရက် အကြောင်းကြားပြောဆိုပြီး နာရီပိုင်းအတွင်း ဆေးရုံ လည်ပတ်မှုဆက်မလုပ်နိုင်တော့သလို ဆေးရုံကို ပိတ်ချလိုက်သည့် အခြေအနေထိ ဖြစ်သွားခဲ့သည်။

ထိုသို့ လည်ပတ်မှုရပ်ဆိုင်းလိုက်သည့်အတွက် ထိုနေ့က ဆေးကုသမှု ခံယူနေသူများ ကမောက်ကမ အခြေအနေထိ ဖြစ်သွားခဲ့သည်။ ရက်ချိန်းလာပြန်ပြသူကို မကုတော့သလို ဆေးရုံတက်နေသည့်သူများကိုလည်း ဆေးရုံဆင်း ခိုင်းလိုက်ပြီး ဆေးရုံက သိက္ခာမဲ့ဆန်ဆန်ပြုမူပုံကို မယုံနိုင်စရာဖြစ်နေသည်ဟု ဒုက္ခသည်များက ပြောသည်။

“မနက်က ဆေးရုံသွားတာ သူတို့လူနာမကြည့်တော့ဘူး ပြန်လာခိုင်းတယ်။ ပြီးတော့ဆေးရုံ တက်တဲ့လူနာတွေ အားလုံးလည်း ဆင်းခိုင်းတယ်။ ဘာဖြစ်လဲတော့မသိဘူးလေ” ဟု ဆိုကာ ထိုနေ့နံနက်ပိုင်းက ဆေးရုံသွားပြသည့် အုန်းဖျန်စခန်းနေ နော်အဲက ပြောသည်။

ထို့နောက် အုန်းဖျန်ဒုက္ခသည်စခန်းသာမက တာ့ခ်ခရိုင်ရှိ နို့ဖိုး၊ မယ်လနှင့် Suan Phueng ခရိုင်ရှိ ထမ့်မဟင်အပါအဝင် မယ်ဟောင်ဆောင်ခရိုင် ကရင်နီ အမှတ် (၂) ဒုက္ခသည်စခန်းများရှိ ဆေးရုံများလည်း အလားတူ စတင်ပိတ်လိုက်ရသည့် သတင်းများထွက်ပေါ်လာခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအားလုံးသည် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ၊ ရေရရှိရေး၊ စွမ်းရည်မြှင့်တင်ရေး အားလုံးသည် နိုင်ငံတကာအလှူရှင်တို့ကိုသာ အဓိကအားကိုးပြီး ရှင်သန်ရပ်တည်နေရခြင်းဖြစ်သည်။

ယခုလို ဒုက္ခသည်စခန်းများရှိ ဆေးရုံများ ပိတ်လိုက်ရခြင်းသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စတင်တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံတကာသို့ ပေးအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ရံပုံငွေကို ရက် ၉၀ ဆိုင်းငံ့လိုက်သည့်အတွက်ကြောင့်ဖြစ်သည်။

ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို အမေရိကန်အကူအညီဖြင့် ကျန်းမာရေးထောက်ပံ့ ကူညီပေးနေသည့် IRC ရံပုံငွေ ရပ်ဆိုင်းခံလိုက်ရသည်။

ထိုသို့ IRC အကူအညီပေးနေသည့် စခန်းအတွင်း အမှိုက်သိမ်းစနစ်၊ ရေသန့်ရရှိရေး စသည့် ကဏ္ဍအားလုံး ယခု ဇန်နဝါရီလကုန်တွင် ဆိုင်းငံ့သွားတော့မည်ဖြစ်သည်ဟု ကရင်ဒုက္ခသည်များကော်မတီ-KRC က ဆိုသည်။

“ဒီရက် ၉၀ အတွင်းမှာတော့ ဒုက္ခသည်စခန်းမှာတော့ ကိုယ်ထူကိုယ်ထပဲ လည်ပတ်ရတော့မယ်။ IRC ဘက်ကတော့ရပ်ဖို့ ၁၀၀ ရာခိုင်နှုန်းပါပဲ။ ဒီမှာရှိတဲ့ ဝန်ထမ်းတွေလည်း အလုပ်မရှိတော့ဘူးပေါ့။ စခန်းကို ဘယ်လိုပြန်လည်ပတ်ရမလဲတော့ စခန်းကော်မတီတွေ ပြန်တွေ့ဆုံဆွေးနွေးပြီး တစ်ခုခုလုပ်ရမယ်” ဟု KRC အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

ယခုလို ရပ်ဆိုင်းလိုက်သည့်အတွက် ဒုက္ခသည်စခန်းရှိဆေးရုံမှ ပြင်ပဆေးရုံသို့ လူနာရက်ချိန်းသွားပြမည့် ကြိုပို့ ယာဉ်မောင်းဝန်ထမ်းများလည်း အလုပ်ရပ်နားလိုက်ရသည့်အတွက် လူနာများ ရက်ချိန်းသွားပြ၍ မရတော့သလို သွားခွင့်လည်း မရှိဖြစ်သွားသည်။

ဒုက္ခသည်ဆေးရုံမှ ပြင်ပဆေးရုံသို့ လွှဲပို့ ကုသခံနေရသူများ ဆေးဆက်မကုနိုင်ဘဲ ဆေးရုံ ဆင်းရ သော်လည်း ပြန်ရန်ကားမရှိတော့သည့် အခြေအနေထိဖြစ်ကာ စေတနာရှင်များစုပြီး ကားပြန်ငှားပေးရသည့်အထိ ဖြစ်ခဲ့သည်။

မဲဆောက်ဆေးရုံ၌ ဆေးကုသနေရသည့် ဒုက္ခသည်စခန်းရှိ လူနာများသည်လည်း ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ပိုင်းတွင် အားလုံးဆေးရုံမှ ဆင်းခိုင်းလိုက်သည်ဟု မယ်လဒုက္ခသည်စခန်းရှိ ဆေးရုံတာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ဒုက္ခသည်မှာနေတာ တစ်သက်လုံး သူများနှာခေါင်းပေါက်နဲ့ ရှင်ရပ်တည်နေရတာ။ ဒီလို ချက်ချင်းထောက်ပံ့မှုရပ်လိုက်တော မွေးလူနာကိုယ်ဝန်ဆောင်မိခင်တွေ တစ်လတစ်ခါ ဆေးပုံမှန် ထုတ်ယူ သောက်ရတဲ့လူတွေ ဘယ်လိုရှင်သန်ရတော့မလဲ၊ အပြင်ထွက်ကုဖို့လည်း အထောက်အထားမရှိ၊ ပိုက်ဆံမရှိဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ယခုလို ကျန်းမာရေးဝန်ဆောင်မှုအားလုံးရပ်ဆိုင်းလိုက်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များအပြင် နှစ်ရှည်ဆေးစွဲသောက်နေရသည့် TB ရောဂါဝေဒနာသည်များ ဆေးပြတ်ပြီး အခက်တွေ့နိုင်သည်ဟု မယ်လဆေးရုံ တာဝန်ရှိသူက ဆိုသည်။

ဒုက္ခသည်စခန်းအတွင်းရှိ IRC ထောက်ပံ့မှုအောက် လုပ်ငန်းစဉ်အားလုံးသည် ဇန်နဝါရီ လကုန်တွင် အပြီး ရပ်လိုက်တော့ မည်ဖြစ်ပြီး ဝန်ထမ်းများသည်လည်း အားလုံးအလုပ်ရပ်နား လိုက်ရမည်ဖြစ်သည်ဟု KR C ဘက်က ပြောဆိုသည်။

ဆေးရုံ၌ အလုပ်လုပ်သည့် ကျန်းမာရေးဝန်ထမ်းများသည် သာမန် ကျန်းမာရေးဝန်ထမ်း တစ်ဦးကို တစ်လ ဘတ် ငွေ ၂၀၀၀ သာရရှိပြီး နှစ်ပေါင်းကြာ အလုပ်လုပ်ခဲ့သည့် ဝန်ထမ်းများသည်လည်း ဘတ် ၅,၀၀၀ နှင့် ၆,၀၀၀ အထိသာ ရရှိသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

ဒုက္ခသည်စခန်းအတွင်းရှိ နေထိုင်သူများကို နယ်စပ်ဖြတ်ကျော်အကူအညီထောက်ပံ့ပေးသည့် The Border Consortium -TBC အဖွဲ့က အခြေခံ ရိက္ခာထောက်ပံ့မှုရှိသော်လည်း လက်ရှိ ကုန်စျေးနှုန်းအရ လုံလောက်မှု မရှိဟု ဒုက္ခသည်များက ပြောသည်။

မလုံလောက်သော်လည်း စခန်းပြင်ပသို့ ထွက်ပြီး အပိုဝင်ငွေရှာရန် တရားဝင်အထောက်အထားမရှိ၍ ထွက်လုပ်၍ မရရှိကြပေ။ အချို့စခန်းရှိ အထက်တန်းကျောင်းအောင်မြင်ပြီးစီးသည့် လူငယ်များသည် လည်း စခန်းရှိ ကျန်းမာရေး၊ ပညာရေး၊ စွမ်းရည်မြှင့်တင်ရေးစသည့် ပြင်ပအဖွဲ့အစည်းများ ထောက် ပံ့မှုရှိသည့် ဌာနများတွင် ဝင်လုပ်ရင်း စားဝတ်နေရေးကို ဖြေရှင်းနေရခြင်း ဖြစ်သည်။

ဒုက္ခသည်စခန်းအတွင်းဖြစ်၍ စခန်းအပြင်ထက် လစာများစွာ နည်းသော်လည်း လစဉ်ပုံမှန် ဝင်ငွေရသည့်အတွက် အဆင်ပြေနေခဲ့သည်ဟု နို့ဖိုးဒုက္ခသည်စခန်းရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

၎င်းက “ကျမတို့ဆေးရုံမှာလုပ်တာ တစ်လကို ၂၀၀၀ ဘတ်ရတယ်။ လစာတွေက အပြင်ထက်တော့ မရဘူး။ ဒါပေမယ့် ပုံမှန်ဝင်ငွေရှိတော့ အနေချောင်တာပေါ့။ စခန်းမှာ ရိက္ခာရလည်း မလုံ လောက်ဘူးလေ။ ဒီလိုပဲလုပ်ရတာပေါ့။ အခုက ထောက်ပံ့မှုရပ်လို့ အလုပ်မရှိတော့ဘူးဆိုတော့ ခက်ခဲလာမှာပဲ။ နိုင်ငံခြားသွားရဖို့လည်း မျှော်လို့ရမရမသိတော့ဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်၏ လူနေအထူထပ်ဆုံးဖြစ်သည့် မယ်လဒုက္ခသည်စခန်းသည်လည်း ပြီးခဲ့သည့် ၁၉၈၄ ခုနှစ်ကတည်းက စတင်တည်ထောင်ကာ ယခုဆိုလျှင် ၄၁ နှစ်ရှိပြီးဖြစ်သည်။

ကျန်ရှိသည့်ဒုက္ခသည်စခန်းသည်လည်း နှစ်ပေါင်း ၂၀ ကျော်နှင့် ၃၀ ကျော်အထက်ရှိကာ ဒုက္ခသည်အချို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး -UNHCR ကူညီမှုဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာခွင့်ရရှိခဲ့သူများလည်း ရှိသည်။

ထိုထွက်ခွာသည့် နိုင်ငံများထဲတွင် အမေရိကန်နိုင်ငံက ဒုက္ခသည် ခိုလှုံခွင့်အများဆုံးဖြစ်သည်။ သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတ သက်တမ်း စတင် တာဝန်ထမ်းဆောင်သည့် နေ့တွင် အမေရိကန်သို့ ဒုက္ခသည် ဝင်ရောက်ခိုလှုံနေထိုင်ခွင့် ဆိုင်းငံ့ ထားလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

သမ္မတထရမ့်၏ အမိန့်ထုတ်ပြန်စာကြောင့် အမေရိကန်သို့ ထွက်ခွာခွင့်ရသည့် အုန်ဖျန် ဒုက္ခသည်အိမ်ထောင်စု ၂၀ ကျော်က ထွက်ခွင့်မရတော့ဘဲ စခန်းအတွင်း ပြန်လှည့်လာနေကြသည့်အပြင် အင်တာဗျူးရက်၊ ဆေးစစ်ရက်ကျသည့် ဒုက္ခသည် အိမ်ထောင်စုအချို့လည်း လှည့်ပြန်လာခဲ့ကြရသည်။

စခန်းသို့ ပြန်ရောက်ချိန်တွင်လည်း ကျန်းမာရေး ဝန်ဆောင်မှုရပ်လိုက်သည့်အတွက် ဒုက္ခသည်တို့ တစ်ပူပေါ်နှစ်ပူဆင့် သဖွယ် ဖြစ်သွားသည်။ ဒုက္ခသည်တို့အတွက် ကျန်းမာရေး ဝန်ဆောင်မှုသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့်အတွက် ယခုလို ရပ်ဆိုင်းလိုက်ခြင်းသည် စိန်ခေါ်မှု ကြီးကြီးမားမား ဖြစ်လာခဲ့ပေသည်။

၂၀၂၅ ခုနှစ်၊ နှစ်သစ်ချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ထုတ်ပြန်ချက်များသည် ဒုက္ခသည်များအတွက်မူ စိတ်သောကများစွာ ရရှိသွားမည်မှာ အသေအချာပင် ဖြစ်တော့သည်။

Most read this week

January 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့်...
မလေးရှားနိုင်ငံ Local Media Summit 2025 သို့ IPCM ကိုယ်စား ဦးတိုးဇော်လတ် တက်ရောက်ခဲ့စဉ်
January 20, 2026
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခကြားထဲတွင် သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့်...
January 19, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့်...
January 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ဝင်ငွေရပေါက်လမ်းအဖြစ် နယ်မြေတွင်း မူးယစ်ဆေးဝါး...