တောင်ငူတွင် စစ်အုပ်စု လက်နက်ကြီးကြောင့် ဒေသခံ ၁၀၀ ကျော် စစ်ဘေးရှောင်နေရ

တောင်ငူတွင် စစ်အုပ်စု လက်နက်ကြီးကြောင့် ဒေသခံ ၁၀၀ ကျော် စစ်ဘေးရှောင်နေရ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ပဲခူးတိုင်း၊ တောင်ငူ/တောအူးခရိုင်ရှိ ကျောက်တိုင်၊ နံ့သာကုန်းနှင့် ငွေတောင်လေး ကျေးရွာများမှ ဒေသခံ ၁၂၀ ဝန်းကျင်သည် စစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာ ဆွေမျိုးမိတ်ဆွေ နေအိမ်များနှင့် စစ်ဘေးရှောင် နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့မှ စတင်၍ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) နယ်မြေ အတွင်းရှိ တောင်ငူ/တောအူးခရိုင်ရှိ ကျောက်တိုင်၊ နံ့သာကုန်းနှင့် ငွေတောင်လေးကျေးရွာတို့က စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က တောင်ငူ - သံတောင် လမ်းအတိုင်း တက်လာသည့် စစ်အုပ်စု မော်တော် ယာဉ်တန်းနှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဘုရင့်နောင် စစ်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အဆိုပါ ကျေးရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ပြေးလာတာက (၁၂၀) လောက်ရှိပြီ။ ကျောက်တိုင်နဲ့ ငွေတောင်လေးဘက်မှာ ပစ်တာတွေကြောင့် ရွာထဲမှာ မနေရဲကြတော့ဘူးလေ။ လောလောဆယ် ကလေးနဲ့ လူကြီးတွေပဲ” ဟု စစ်ဘေးရှောင်များကို အကူအညီ ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ငူမြို့ပေါ်၌ စစ်အုပ်စု၏ အစစ်အဆေး တင်းကြပ်မှုများကြောင့် စစ်ဘေးရှောင်စခန်း နေရာ သီးသန့် မရှိတော့ဘဲ စစ်ဘေးရှောင် အများစုမှာ နီးစပ်ရာ ဆွေမျိုးအိမ်များတွင်သာ ခိုလှုံနေကြရသဖြင့် စားဝတ် နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကလည်း “တောင်ငူမြို့ထဲမှာ အရင်က စစ်ရှောင်နေရာရှိပေမယ့် သက်ဆိုင်ရာ က ရံဖန်ရံခါ လာစစ်တာရှိလို့ အခုနောက်ပိုင်း မရှိသလောက်ဘဲ။ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာပဲ လိုက်တည်း နေရတယ်။ စားဝတ်နေရေးအတွက်ကတော့ ခက်တယ်လေ။ ကိုယ့်မြို့ ကိုယ့်ရွာ မဟုတ်တော့ အခက်အခဲ အများကြီးပါပဲ” ဟု ပြောသည်။

ထို့ကြောင့် ပဋိပက္ခ အခြေအနေ ရက်ရှည်လာပါက ဆွေမျိုးနီးစပ်ရာ မရှိသည့် စစ်ဘေးရှောင်များအတွက် နေထိုင်စရာ အခက်အခဲ ရှိလာနိုင်သလို မိုးရာသီ ကာလအတွင်း ကျန်းမာရေးနှင့် စားနပ်ရိက္ခာပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက သုံးသပ်ထားကြသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက စစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ကျောက်တိုင်ကျေးရွာရှိ ဒေသခံ နေအိမ်အချို့ ကျည်စထိမှန် ပျက်စီးခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

Most read this week

August 14, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးတိုက်ပွဲနယ်မြေအနီး လမ်းခုလတ်တွင် သောင်တင်နေသည့် မော်တော်...
ဓါတ်ပုံ - ပုံဟောင်း
August 13, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ ငါးဂိမ်းနှင့် လောင်းကစားရုံများကို စီမံချက်ဖြင့်...
August 13, 2026
စောဘဦးကြီး အပါအဝင် ကရင့်ခေါင်းဆောင်ကြီးများ လက်ဆင့်ကမ်း ချမှတ်ပေးခဲ့သည့် လုပ်ငန်းလမ်းစဉ် အတိုင်း...
August 11, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း မိုးရာသီကာလ ဒေသခံ...