ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ ငါးဂိမ်းနှင့် လောင်းကစားရုံများကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေကြောင်း အာဏာပိုင်များက ပြောဆိုထားသော်လည်း မြေပြင်တွင် လောင်းကစားရုံအချို့ ဆက်လက်ဖွင့်လှစ်နေပြီး လိုင်း ကြေးပေးဆောင်၍ လုပ်ကိုင်နေကြကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်အုပ်စု၏ ကရင်ပြည် လွှတ်တော် တတိယ ပုံမှန် အစည်း အဝေးတွင် မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက မြဝတီမြို့ပေါ် ရပ်ကွက်များ၌ ငါးဂိမ်းရုံများ ပပျောက်အောင် စီမံချက်ဖြင့် ဖမ်းဆီးအရေးယူပေးနိုင်ခြင်း ရှိ/မရှိ မဲဆန္ဒရှင် ပြည်သူများကိုယ်စား မေးမြန်းခဲ့သည်။
အဆိုပါ ငါးဂိမ်းရုံများကြောင့် လူငယ်များ၏ အကျင့်စာရိတ္တ ပျက်စီးသည့်အပြင် WY ကဲ့သို့သော မူးယစ်ဆေး ဝါးများ ရောင်းဝယ်သုံးစွဲရာနေရာ ဖြစ်လာခြင်း၊ ဒုစရိုက်သမားများနှင့် ခိုးဆိုးလုနှိုက်သူများ ခိုအောင်းရာနေရာ ဖြစ်နေခြင်းတို့ကြောင့် စီမံချက်ဖြင့် အရေးယူပေးရန် ဦးအေးမင်းထွေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုမေးမြန်းမှုအပေါ် စစ်အုပ်စု၏ ကရင်ပြည် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက မြဝတီခရိုင်အတွင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၄ ရက်နေ့အထိ ငါးဂိမ်းလောင်းကစားမှု ၁၃ မှုကို အမှုဖွင့် အရေးယူထားပြီး အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၆၅ ဦး၊ စုစုပေါင်း ၁၆၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောဆိုသည်။
ထို့ပြင် ငွေကျပ် ၂၅ သိန်းကျော်နှင့် ဂိမ်းခုံ ၇၉ ခုံကို သိမ်းဆည်းရမိခဲ့ပြီး လောင်းကစားလုပ်ငန်းများ ထပ်မံ လုပ် ကိုင်ခြင်း မရှိစေရေး ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် အာဏာပိုင်များဘက်က ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း ပြောဆိုထားသော်လည်း မြဝတီမြို့ ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကိုးသုံးလုံးဂိတ်ဝန်းကျင်တွင် ငါးဂိမ်းရုံနှင့် ကာစီနိုရုံများ ဆက်လက်ဖွင့်လှစ်နေကြောင်း မြို့ခံများက ပြောသည်။
“ဂိမ်းရုံတွေက ရှိနေတုန်းပဲ မပိတ်ဘူး။ ဖမ်းတာတွေက အရောင်ပြတာပါ။ ဖမ်းချင်ရင်လည်း နေရာရော အချိန်ရော ကြိုကြေညာပြီး ပစ္စည်းတွေ အကုန်သိမ်းခိုင်းထားတာကြီးကို။ လက်နက်ကိုင်နဲ့ ပတ်သက်သူတွေပဲ လုပ်လို့ရတာလေ။ လိုင်းကြေး တစ်လမှာ ဘယ်လောက်ဆိုပြီး ပေးရတာ” ဟု မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် လောင်းကစားရုံများသည် စစ်အုပ်စုနှင့် ဆက်ဆံရေးကောင်းသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်များထံ လစဉ်လိုင်းကြေးပေးဆောင်၍ ဖွင့်လှစ်နေကြခြင်းဖြစ်သဖြင့် အပြီးတိုင် ပပျောက်ရန် ခက်ခဲနေကြောင်း အဆိုပါ မြို့ခံက ဖြည့်စွက်ပြောဆိုသည်။
အဆိုပါ လောင်းကစားရုံများကြောင့် လက်လုပ်လက်စားများနှင့် လူငယ်များ လောင်းကစားနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုဘက်သို့ ရောက်ရှိလာပြီး ဒုစရိုက်မှုများလည်း ဆက်လက်များပြားလာလျက် ရှိသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ ငါးဂိမ်းရုံ၊ အွန်လိုင်းလောင်းကစားရုံ၊ ကာစီနို ရုံနှင့် ကျားဖြန့်လုပ်ငန်းများသည် အာဏာပိုင်များနှင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အကာ အကွယ်ပေးမှုများဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြသည့် လုပ်ငန်းများ ဖြစ်သည်။
ယခုကဲ့သို့ လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနှင့် ဒုစရိုက်မှုများ ဖြစ်ပွားလျက်ရှိသော်လည်း ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိဘဲ အရောင်ပြ ဖမ်းဆီးအရေးယူမှုများသာ ပြုလုပ်လေ့ရှိကြောင်း မြို့ခံများက ဆိုကြသည်။







