ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးတိုက်ပွဲနယ်မြေအနီး လမ်းခုလတ်တွင် သောင်တင်နေသည့် မော်တော် ယာဉ်အား ပြန်လည်ဆွဲထုတ်ရန် သွားရောက်စဉ် ပျောက်ဆုံးသွားသည့် အရပ်သား ၇ ဦးသည် တစ်လကျော် ကြာမြင့်သည်အထိ အဆက်အသွယ် ပြန်မရသေးကြောင်း မိသားစုဝင်များက ပြောသည်။
ပျောက်ဆုံးသွားသူများသည် သေ့ဘောဘိုးကျေးရွာအုပ်စု၊ ဝါးမီထကျေးရွာတွင် နေထိုင်သည့် ဒေသခံများဖြစ်ကြ ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က မြဝတီတောင်ဘက် ဖလူး-မဲကနယ် တိုက်ပွဲရှောင်တောလမ်းတစ်နေရာ၌ တိမ်းမှောက်၍ သောင်တင်နေသော ကားကို အခြားကားတစ်စီးဖြင့် ပြန်လည်ဆွဲထုတ်ရန် သွားရောက်စဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အရပ်သား ၇ ဦးကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သတင်း များ ထွက်ပေါ်နေပြီး ယနေ့အချိန်ထိ အဆက်အသွယ် ပြန်မရသေးသည့်အတွက် မိသားစုဝင်များအကြား စိုးရိမ် ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
ပျောက်ဆုံးသွားသူတစ်ဦး၏ မိခင်ဖြစ်သူက “ကားက အဲမှာဗွက်တောထဲနစ်တော့ ထွန်စက်နဲ့ ပြန်ဆွဲထုတ်ဖို့ လူစုပြီးသွားတာ။ ဆင်းသွားတဲ့အချိန်မှာ အဲဒီလမ်းပိတ်တာကို မသိရတော့ အေးဆေးသွားတာ။ တစ်ရက်ပြီး တစ်ရက်ပျောက်ပြီး ပြန်မလာတော့ စိတ်ပူပြီး လိုက်မေးကြည့်တော့ စစ်တပ်က ဖမ်းလိုက်တယ်လို့ ပြောကြ တယ်” ဟု ပြောသည်။
ပျောက်ဆုံးသွားသူများကို စစ်အုပ်စုတပ်က သတ်ဖြတ်လိုက်ပြီဟု ပြောဆိုမှုများရှိနေသလို စစ်တပ်နှင့် ပူးတွဲ စစ်ရေးဖော်ဆောင်နေသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်အချို့ကမူ ထိုအရပ်သားများသည် မသေဆုံး သေးဘဲ ဖမ်းဆီးထားဆဲဖြစ်ကာ ငွေနှင့် ပြန်ရွေးရန် ပြောဆိုမှုများရှိကြောင်း ကျေးရွာတာဝန်ရှိသူများက ဆိုကြ သည်။
“BGF တပ်ဖွဲ့ဝင်တချို့နဲ့ချိတ်တော့ ရှိသေးတယ်လို့ ပြောတယ်။ ငွေနည်းနည်းပါးပါး ပြန်ရွေးရမယ်ဆိုပြီး ပြောကြတယ်။ သူတို့လည်းတစ်ဆင့်ခံဘဲကြားတာ၊ ဒါပေမယ့် ရှိသေးရင် ပုံပြဆိုလည်း ဘယ်သူမှမပြနိုင်တော့ အဲဒီသတင်းကလည်း အတည်ပြုမရသေးဘူး” ဟု ဝါးမီထကျေးရွာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပျောက်ဆုံးသွားသည့် ဝါးမီထ ဒေသခံ ၇ ဦးမှာ အသက် ၁၄ နှစ်အရွယ် စောခါးခါး၊ အသက် ၂၀ အရွယ် စောကိန်ကုလားနှင့် စောသန်းဇော်လင်း၊ အသက် ၂၁ အရွယ် စောငြိမ်းချမ်း၊ အသက် ၂၇ အရွယ် ကားမောင်းသူ ထားဝယ်၊ အသက် ၃၄ အရွယ် စော်မော်ကား (ခေါ်) စောကျော်ဝင်းနိုင်နှင့် အသက် ၄၆ နှစ်အရွယ် စောမောင်အေး သောင်းတို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း အဆိုပါတောလမ်းပေါ်တွင် မြဝတီမြို့သို့ ကုန်ပစ္စည်းသွားဝယ်သည့် အရပ် သား ကားတစ်စီး စက်ပျက်နေ၍ လမ်းကြုံသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကား တစ်စီးမှ ကူညီတွန်းပေးနေစဉ် စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနှင့် DKBA တပ်ဖွဲ့ဝင် အချို့ သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။







