ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည်ရန် KNLA စစ်ဦးစီးချုပ် တိုက်တွန်း

ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည်ရန် KNLA စစ်ဦးစီးချုပ် တိုက်တွန်း

စောဘဦးကြီး အပါအဝင် ကရင့်ခေါင်းဆောင်ကြီးများ လက်ဆင့်ကမ်း ချမှတ်ပေးခဲ့သည့် လုပ်ငန်းလမ်းစဉ် အတိုင်း ဆက်လက် ရပ်တည်လုပ်ဆောင်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်းလိုက်သည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ကရင့်အာဇာနည်နေ့သို့ ပေးပို့သည့် ဂုဏ်ပြု သဝဏ်လွှာတွင် KNLA စစ်ဦးစီးချုပ်က ထိုသို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

စောဘဦးကြီးနှင့်တကွ ကရင့်အာဇာနည်များ အသက်သွေး၊ ချွေးဖြင့် စွန့်လွှတ်အနစ်နာခံ လျှောက်လှမ်းခဲ့သည့် ကရင့်တော်လှန်ရေး လမ်းခရီး မပြီးဆုံးသေးသလို မိမိတို့သည်လည်း သမိုင်းပေးတာဝန်များကို လက်ဆင့်ကမ်း ဆက်လက် ထမ်းဆောင်ကြရမည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

အထူးသဖြင့် စောဘဦးကြီး ချမှတ်ခဲ့သည့် “လက်နက်ချစကား အလျင်းမပြောရ၊ ကရင်လက်နက် ကရင်လက် ထဲရှိရမည်၊ ကရင်ပြည် အသိအမှတ်ပြုမှု ပြည့်ဝစွာရရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်” ဆိုသည့် မူ (၄) ချက်အတိုင်း ဆက်လက် လျှောက်လှမ်းကြရန် KNLA စစ်ဦးစီးချုပ်က မီးမောင်းထိုးပြထားသလို အထက် ခေါင်းဆောင်များ၏ ညွှန်ကြားချက်ကို လိုက်နာကြရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းထားသည်။

ကရင့်တော်လှန်ရေးအပေါ် ၇၇ နှစ်တိုင်တိုင် လူထု၏ အားပေးထောက်ခံမှု ရရှိထားသည့်အတိုင်း ခေါင်းဆောင် များနှင့် တပ်ဖွဲ့ဝင်များသည်လည်း လူထုကို ဆန့်ကျင်သည့် လုပ်ရပ်မှန်သမျှကို ရှောင်ကြဉ်ကြရမည်ဟု ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ဆိုသည်။

ထို့ပြင် တော်လှန်ရေးအတွင်း မိမိတို့၏ အားနည်းချက်၊ မှားယွင်းချက်များကို အချိန်မီ ပြန်လည်စိစစ် ပြင်ဆင် ကြရန်နှင့် KNLA ၏ ပြဋ္ဌာန်းချက်၊ စည်းမျဉ်းစည်းကမ်းများကို စံနမူနာပြ လိုက်နာကြရန်လည်း တပ်ဖွဲ့ဝင်များနှင့် ခေါင်းဆောင်များကို တိုက်တွန်းထားသည်။

ထို့အတူ ကျရောက်ခဲ့သည့် ကရင့်အာဇာနည်နေ့တွင် KNLA အပါအဝင် ကရင်ပြည်သူလူထုအနေဖြင့် အသက် ပေးသွားသည့် အာဇာနည်များ၏ ကျေးဇူးကို အောက်မေ့သတိရလျက် ဆုံးခန်းမတိုင်သေးသည့် တော်လှန်ရေး လုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ဆက်လက် ဆောင်ရွက်ကြရမည်ဟု KNLA စစ်ဦးစီးချုပ်က နှိုးဆော်ထား သည်။

၁၉၅၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစန်းကေ ပါဝင်သော ခေါင်းဆောင် အချို့သည် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးရွာအနီးတွင် ရန်သူ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကို ခံရပြီး အသက်စွန့်လွှတ်ခဲ့ကြရသည်။

ထိုသို့ ကရင့်အမျိုးသားရေးနှင့် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်ပေးသွားသည့် ခေါင်းဆောင်များနှင့်တကွ ရဲဘော်များ၊ ပြည်သူများကို ဂုဏ်ပြုသောအားဖြင့် စောဘဦးကြီးတို့ ကျဆုံးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်၍ ယနေ့တိုင် လက်ဆင့်ကမ်း ကျင်းပလာခဲ့ကြ ခြင်း ဖြစ်သည်။

ဓာတ်ပုံ - KIC

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...