တစ်နှစ်အတွင်း IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၄၀ ကျော်ရှိပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်တဲ့အမှု အများဆုံးဖြစ်

တစ်နှစ်အတွင်း IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၄၀ ကျော်ရှိပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်တဲ့အမှု အများဆုံးဖြစ်

၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၄၀ ကျော်ရှိတဲ့အနက်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ဆက်စပ်ပြီး အများဆုံးဖြစ်တယ်လို့ IEC ဒု-ဌာနမှူး မော်သဲမာက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“အမှုပေါင်း ၄၀ ကျော် ရှိတယ်ပေါ့နော်။ ပြည်နယ်အတွင်းမှာဖြစ်တဲ့ Gender Base Violence အမှုတွေဖြစ်တယ်။ လာတိုင်ကြားတဲ့အမှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ လာတိုင်ကြားတာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက မုဒိန်းမှုဖြစ်တယ်ပေါ့နော်။ ကျန်တာကတော့ ကာမလိမ်လည်ရယူတာမျိုးတို့ တခြားသော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေတဲ့ အဲ့ဒီလို အမှုမျိုးတွေက များတယ်ပေါ့နော်။ ဒါကတော့ တစ်နှစ်အတွင်း ကျမတို့ဆီမှာ တိုင်ကြားလာတဲ့ အမှုတွေပေါ့” လို့ သူကပြောပါတယ်။

IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနကတော့ ဒီအမှုတွေကို ကရင်နီပြည်ရဲဌာန KSP နဲ့ ပူးပေါင်းပြီး ဖြေရှင်းနေသလို တခြားသော အမျိုးသမီးအရေးလှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖြေရှင်းမှုတွေ လုပ်ဆောင်နေတယ်လို့ မော်သဲမာက ဆက်ပြောပါတယ်။

ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုကတော့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အမှုကိစ္စတွေကို သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံးလုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ဒီအမျိုးသမီးငယ် အကြမ်းဖက်မှုတွေလဲ ရှိတယ်။ အဲ့လိုမျိုးကျရင် ကျနော်တို့က မြေပြင်မှာ အခြားအမျိုးသမီးတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ပေါ့နော်။ ပြီးတော့ တခြားနယ်ခံအဖွဲ့တွေနဲ့လဲ ပူပေါင်းတာတွေလဲ ရှိပါတယ်ပေါ့။ KNWO တို့ပေါ့နော်။ ဒီ CSOs NGO အကုန် ဒီအမျိုးသမီးတွေနဲ့ အကုန်လုံး ချိတ်ဆက်ပြီးတော့ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်” လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့အမှုတွေ များလာတယ်လို့လည်း အမျိုးသမီးအရေး လှုပ်ရှားသူတွေထံကနေ သိရပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်အောင် အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ အမြန်ဆုံး ပြဌာန်းနိုင်ဖို့လိုသလို အစိုးရအနေနဲ့လည်း တရားရေးယန္တရားတွေ တရားဥပဒေစိုးမိုးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိရောက်စွာ လုပ်နိုင်ဖို့ လိုအပ်နေတယ်လို့ ဆရာမ မော်သဲမာက ဆက်ပြောပါတယ်။

“ဒါတွေကို ကာကွယ်ဖို့အတွက်က အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေကို အမြန်ဆုံး ပြဌာန်းပေးနိုင်ဖို့လိုတယ်။ နောက်တစ်ခုက အစိုးရအနေနဲ့ တရားရေးယန္တရားတွေကို ကောင်းကောင်းလေးလည်ပတ်နိုင်ပြီး တရားဥပဒေစိုးမိုးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ လုပ်ပေးနိုင်ဖို့ လိုအပ်တယ်ပေါ့နော်” လို့ သူကပြောပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကရင်နီပြည်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၁၀၁) မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၆၅) မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂၁) မှုနဲ့ မုဒိမ်းမှု (၁၄) မှု ရှိတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ထံကနေ သိရှိရပါတယ်။

ဒီစာရင်းက KNWO က လက်လှမ်းမီ လက်ခံရရှိထားတဲ့ စာရင်းတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

Most read this week

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 22, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...
ကရင်နီပြည်က အကျဉ်းထောင်တနေရာကို တွေ့ရစဉ် (ပုံဟောင်းအသုံးပြုထားသည်။)
January 19, 2026
ကရင်နီပြည် ၊ သံလွင်အရှေ့ခြမ်းက အကျဉ်းထောင်တခုမှာ မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ မနက်စောပိုင်းက...