မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် လက်ရှိတွင် ချင်းတွင်းမြစ်ကြောင်းဘက်သို့ လမ်းကြောင်းပြောင်းသွားပြီ ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကစတင်ကာ စစ်တပ်သည် တိုက်ခိုက်ရေးစစ်သင်္ဘော နှစ်စီးအပါအဝင် ရေယာဉ်အစီး ၂၀ ဝန်းကျင်ကို မန္တလေးတွင် စုဖွဲ့ပြင်ဆင်နေပြီး ကချင်ပြည်နယ်၊ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါသတင်းများကြောင့် ဧရာဝတီမြစ်ကမ်း တစ်လျှောက် နေထိုင်သည့် ဒေသခံများကြား စိုးရိမ်မှုများ မြင့် တက်ခဲ့သလို တော်လှန်ရေးအင်အားစုများကလည်း မြစ်ကြောင်းတစ်လျှောက် စောင့်ကြည့်မှုများ တိုးမြှင့်ခဲ့ကြ သည်။
သို့သော်လည်း လက်ရှိအချိန်တွင် အဆိုပါစစ်ရေယာဉ်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆက်လက်ဆန်တက်ခြင်းမရှိတော့ဘဲ ချင်းတွင်းမြစ်ကြောင်းဘက်သို့ ဦးတည်သွားပြီဖြစ်ကြောင်း ဝက်လက် ဒေသအခြေစိုက် Wetlet Informational Network ၏ သတင်းရင်းမြစ်တစ်ဦးက KNG သို့ ပြောသည်။
၎င်းက “သင်္ဘောတွေက ချင်းတွင်းမြစ်ဘက်ကို တက်သွားပြီ။ ကသာဘက်ကို မသွားဘူးဗျ။ အဲဒါက သတင်း အမှားပါ။ နေ့လယ်ပိုင်းကတော့ ရေစကြိုကို ရောက်ပြီဆိုတော့ အခုဆို တော်တော်လေးတော့ ရောက်လောက် ပြီဗျ” ဟု ဆိုသည်။
ကသာမြို့အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ရေယာဉ်များ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာခြင်းမရှိဘဲ စစ်ကိုင်းဘက်မှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်းသို့ ဦးတည်သွား ကြောင်း အတည်ပြုသည်။
၎င်းက “မန္တလေးအဖွဲ့တွေ ပြောတာကတော့ အဲဒီသင်္ဘောတွေက မန္တလေးကနေ စစ်ကိုင်းကို စုန်သွားတာ အရင် ရက်တွေကတည်းကတဲ့။ ချင်းတွင်းရိုးဘက်ကို ဆင်းမယ်လို့ ကြားတယ်။ အထက်ဘက်ကို ဆန်တက် ခဲ့တာတော့ မကြားဘူးဗျ” ဟု ပြောသည်။
စစ်ရေယာဉ်အုပ်စု၏ လက်ရှိတည်နေရာနှင့် ပတ်သက်၍ ထီးချိုင့်မြို့နယ်ဘက်မှ ဒေသခံတစ်ဦးကလည်း စစ်ရေယာဉ်များ ထီးချိုင့်မြို့နယ်အထိ ရောက်ရှိမလာသေးကြောင်း ပြောဆိုသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်ဘက်သို့ ဆန်တက်မည်ဆိုပါက စစ်ရေယာဉ်များသည် ထီးချိုင့်မြို့နယ် ကို ဖြတ်သန်းပြီးမှ ကသာမြို့နယ်ဘက်သို့ ရောက်ရှိနိုင်ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိတွင် ထီးချိုင့်သို့ပင် မရောက်သေးသည့် အခြေအနေတွင် ကသာမြို့အနီး ရောက်ရှိနေပြီဆိုသည့် သတင်းများကို KNG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယခုရက်ပိုင်းအတွင်း သတင်းဌာနအချို့တွင် စစ်တပ်၏ စစ်ရေယာဉ်အစီး ၂၀ ခန့်သည် ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာပြီး ကသာမြို့အနီးသို့ ရောက်ရှိနေပြီဟု ဖော်ပြခဲ့ကြသည်။
ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ရေယာဉ်တက်လာမှုကို တားဆီးရန် ပြင်ဆင်နေသလို မြစ်ကမ်း တစ်လျှောက် နေထိုင်သည့် ပြည်သူများကိုလည်း သတိထားကြရန် တိုက်တွန်းထားသည်။
သို့သော် KNG က ဆက်သွယ်မေးမြန်းခဲ့သည့် မြေပြင်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါဖော်ပြ ချက်များသည် လက်ရှိမြေပြင်အခြေအနေနှင့် ကွဲလွဲနေပြီး စစ်ရေယာဉ်အုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်နေသည့်အချက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဟု ဆိုရမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က KNG ၏ သတင်းဖော်ပြချက်တွင်လည်း စစ်တပ်က မန္တလေးတွင် စစ်ရေယာဉ် အစီး ၂၀ ဝန်းကျင် ပြင်ဆင်ထားသည်ဆိုသည့် သတင်းများကြောင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဒေသခံများ ကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း ဖော်ပြခဲ့ဖူးသည်။
ကသာ၊ ရွှေကူနှင့် ဗန်းမော်ဘက်မှ ဒေသခံအများစုသည် အန္တရာယ်ရှိသည့် စစ်ရေယာဉ်သတင်း ထွက်လာတိုင်း စိုးရိမ်မှုများ ပြန်လည်မြင့်တက်လေ့ရှိသည်။ အကြောင်းမှာ ယခင်နှစ်များက စစ်ရေယာဉ်တက်လာချိန်တိုင်း မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ သည့် အတွေ့အကြုံများ ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
စစ်တပ်သည် ကချင်ပြည်အတွင်းရှိ ဗန်းမော်၊ ရွှေကူနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ တပ်စခန်းများကို စစ်ကူ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ရေကြောင်းလမ်းကို အကြိမ်ကြိမ် အသုံးပြုခဲ့သည်။
စစ်ရေယာဉ်များ ဖြတ်သန်းသည့် လမ်းကြောင်းတစ်လျှောက်တွင်လည်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် ပြည်သူများအတွက် စစ်ရေယာဉ်သတင်းမှာ အထူးစောင့်ကြည့်ရသည့် စစ်ရေးသတင်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။
လက်ရှိတွင် ကချင်ပြည်၊ ရွှေကူမြို့နယ် လေးလမ်းဆုံ၊ ပန်းတင်၊ ငါးပတ်ဝနှင့် တော်လှန်ကျေးရွာတစ်ဝိုက်၌ တိုက်ပွဲများ နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေသလို ဗန်းမော်စစ်မျက်နှာတွင်လည်း စစ်ရေးတင်းမာမှုများ ရှိနေသည်။
စစ်ရေးလေ့လာသူအချို့ကမူ စစ်တပ်အနေဖြင့် ကချင်စစ်မျက်နှာသို့ စစ်ကူဖြည့်တင်းနိုင်ရန် ကုန်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်းလမ်းများကို အခြေအနေပေါ်မူတည်၍ ဆက်လက်အသုံးပြုနိုင်ကြောင်း သုံးသပ် ထားသည်။
ထို့ကြောင့် မိုးတွင်းကာလ ဧရာဝတီမြစ်ရေတက်ချိန်တိုင်း စစ်ရေယာဉ်များ အထက်ဘက်သို့ ဆန်တက်လေ့ရှိ သည့် အတိုင်း ယခုနှစ်တွင် ကချင်ပြည်ဘက်သို့ ဆက်လက်ဆန်တက်လာဦးမည်လား ဆိုသည်ကိုတော့ ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်သည်။







