လုံခြုံရေးကင်းမဲ့လာသည့် မော်လမြိုင်မြို့အခြေအနေ မြို့ခံများဝေဖန်

လုံခြုံရေးကင်းမဲ့လာသည့် မော်လမြိုင်မြို့အခြေအနေ မြို့ခံများဝေဖန်

စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကင်းမဲ့လာနေကြောင်း မြို့ခံများက ဝေဖန်ထောက်ပြကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က မော်လမြိုင်မြို့၏ ထင်ရှားသည့် တောင်ရိုးတန်း၌ အငှားဆိုင်ကယ် (ဆိုင်ကယ် တက္ကစီ) မောင်းနှင်သူတစ်ဦးအား သတ်ဖြတ်၍ ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ပြီး၊ ဇူလိုင်လ ၂ ရက်နေ့တွင် ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရုံးစိုက်ရာ မော်လမြိုင်မြို့တွင် လုံခြုံရေးအင်အား အများအပြားဖြင့် နေ့စဉ်လှည့်ကင်း၊ ပတ်ကင်းများ မြို့အနှံ့ လှည့်လည်နေသော်လည်း တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် မြို့ခံများ အကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေခြင်း ဖြစ်သည်။

တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းကြောင့် ပြည်သူများအကြား ကြောက်စိတ်များ လွှမ်းမိုးလာသလို မလုံခြုံ တော့ဟု ခံစားနေရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

“တရားဥပဒေ စိုးမိုးမှုက ကြာလေမဲ့လေ ကြာလေမဲ့လေ ဆိုတော့ လူတွေက ကြောက်စိတ် တအား လွှမ်းမိုး လာပြီးပေါ့နော်။ တက္ကစီ သမားကိုလည်း လုပ်လာပြီးဆိုတော့ နောက် ကိုယ်ပိုင် စီးတဲ့လူတွေလည်းပဲ တစ်နေရာ ရာကို သွားတဲ့အခါမှာ တစ်ယောက်တည်းသွားရင် မလုံခြုံတော့ဘူး ဆိုတာတွေက လူတိုင်းရဲ့ ရင်ထဲမှာ ကိန်းဝပ် လာတာပေါ့။”

ထို့ပြင် တရားဥပဒေစိုးမိုးမှု မရှိသဖြင့် နေ့စဉ် ဝမ်းစာရှာဖွေစားသောက်ရသည်ကအစ အခက်အခဲရှိလာသလို၊ တရားဥပဒေမဲ့ လုပ်ဆောင်သူများကိုလည်း ဖမ်းဆီးရမိခြင်း မရှိခြင်းကြောင့် စိုးရိမ်စိတ် ပိုမိုကြီးထွားစေသည်ဟု ၎င်းက ဆက်ပြောသည်။

အငှားယာဉ် မောင်းနှင်သူတစ်ဦးကလည်း မော်လမြိုင်မြို့တွင် ဖြစ်ပွားနေသည့် တရားဥပဒေမဲ့ လုပ်ရပ်များ ကြောင့် အသက်အန္တရာယ် စိုးရိမ်ရသော်လည်း သေချာစွာ စုံစမ်းဖော်ထုတ်ပေးခြင်း မရှိသဖြင့် ကိုယ်ဖြစ်ကိုယ်ခံ အခြေအနေနှင့် ကြုံတွေ့နေရကြောင်း သံလွင်တိုင်းမ်သို့ ရင်ဖွင့်သည်။

၎င်းက “မော်လမြိုင်မြို့ကြီး ဟာနော် ကိုယ်တွေဘက်မှာလည်း အသက် အန္တရာယ်နဲ့ ဆိုတော့ တရားဥပဒေ ကလည်း သေချာလေး မစုံစမ်းပေးတဲ့ ပုံစံမျိုး ဆိုတော့ နည်းနည်းတော့ ကိုယ့်ဘက်ကို ပြန်ပြီးတော့ နည်းနည်း စစ်ရမှာပေါ့။ အခုလို ဖြစ်သွားတဲ့ အပေါ် ကျတော့ ကျွန်တော်လည်း ယာဉ်မောင်း တစ်ယောက် အနေနဲ့ ပိုကြောက်လာတယ်ဗျာ။ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမယ် ဆိုတာမျိုးတွေက အခု လက်တွေ့ ဖြစ်နေတဲ့ ပုံစံ ဆိုတော့လေ ပိုကြောက်လာတယ်” ဟု ပြောသည်။

တစ်ဖက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ကို ‘Safe City’ စီမံကိန်းအဖြစ် အကြောင်းပြ ကာ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ထောင်နှင့်ချီ အသုံးပြု၍ မြို့အနှံ့တွင် CCTV ကင်မရာများ အပြည့်အစုံ တပ်ဆင်ထားခြင်း ဖြစ်သည်။

သို့သော်လည်း မကြာခဏဆိုသလို ဆိုင်ကယ်ခိုးယူမှုများ၊ ခိုးဆိုးလုယက်မှုများနှင့် အခြားဒုစရိုက်မှုများ ဆက် တိုက်ဖြစ်ပွားနေပြီး ပြစ်မှုကျူးလွန်သူများကိုမူ ဖမ်းဆီးရမိခြင်း မရှိပေ။

လက်ရှိတွင် မော်လမြိုင်မြို့၌ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူစစ်အဖွဲ့များအပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များက မြို့ဝင်မြို့ထွက်များ၌ စစ်ဆေးခြင်း၊ မြို့တွင်း ပိတ်ဆို့ရှာဖွေခြင်းများ ပြုလုပ်နေသော်လည်း မြေပြင်တွင် တရားဥပဒေစိုးမိုးမှု မရှိသလောက် နည်းပါးလာနေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြ သည်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...