လွိုင်ကော်လေဆိပ် ပြန်ဖွင့်မည်ဆိုသော်လည်း ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်နေ

လွိုင်ကော်လေဆိပ် ပြန်ဖွင့်မည်ဆိုသော်လည်း ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်နေ

၃ နှစ်ကျော်ကြာ ရပ်နားထားသည့် လွိုင်ကော် - ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲတော့မည်ဟု စစ်အုပ်စုက ကြေညာထားသော်လည်း မြို့ခံပြည်သူများမှာမူ ဒေသတွင်း တည်ငြိမ်မှုမရှိသေးသည့်အတွက် လုံခြုံရေးအပေါ် အထူးစိုးရိမ်လျက်ရှိသည်။

လွိုင်ကော်လေဆိပ်ကို မကြာမီ ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်ဆင်းသက်ရန် အဆင့်သင့်ဖြစ်နေပြီဟု ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူက ဇူလိုင် ၈ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

လေယာဉ်လက်မှတ်ခကိုလည်း တစ်စောင်လျှင် ကျပ် ၃၂၀,၀၀၀ ဝန်းကျင် သတ်မှတ်ထားကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း စစ်အုပ်စု၏ အဆိုပါအစီအစဉ်အပေါ် လွိုင်ကော်မြို့ခံများကမူ လေဆိပ်လုံခြုံရေးနှင့် ပတ်သက်၍ အယုံအကြည်မရှိဘဲ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

လေဆိပ်ပတ်ဝန်းကျင် အဆောက်အအုံများ ကောင်းမွန်နေရုံမျှဖြင့် မြို့တွင်းလုံခြုံမှုရှိသည်ဟု မယူဆနိုင်ကြောင်း နှင့် လေယာဉ်ဖြင့် သွားလာရန်ပင် စိုးရိမ်နေကြသည်။

လေဆိပ်ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အပေါ် မြို့ခံတစ်ဦးက ၎င်း၏စိုးရိမ်ချက်ကို အခုလို သုံးသပ်ပြောဆို သည်။

“ကျနော့်အမြင်မှာတော့ လွိုင်ကော်-ရန်ကုန်လေဆိပ် ဖွင့်နိုင်ဖို့တော့ လိုပါတယ်။ ကျန်းမာရေးကိစ္စဆို လမ်းခရီး က ဝေးတာကိုး။ ဒါပေမဲ့လည်း ဖွင့်ဖို့ကျတော့လည်း မလွယ်ဘူးထင်တယ်။ ဘာလို့ဆို လေယာဉ်ကွင်း ကောင်း တယ်ဆိုရုံနဲ့ Safe (လုံခြုံ) ဖြစ်သွားတာ မဟုတ်ဘူးလေ။ ပြည်သူတွေကလည်း လိုက်စီးရဲဖို့ မလွယ်သလို လေယာဉ်ကလည်း အမြဲပျံသန်းပြေးဆွဲနေဖို့ မလွယ်လောက်ဘူးထင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့အတွင်း စစ်အုပ်စုက အုပ်ချုပ်ရေးလည်ပတ်ကာ ဌာနဆိုင်ရာ လုပ်ငန်းများ၊ ကျောင်းနှင့် ဆေးရုံများကို ဖွင့်လှစ်ထားသော်လည်း မြို့တွင်းစစ်ဆေးမှုများမှာ တင်းကျပ်နေဆဲဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ဒေသတွင်း တိုက်ပွဲအခြေအနေများကြောင့် လေကြောင်းခရီးစဉ်များကို ရပ်နားခဲ့ရ ခြင်းဖြစ်ပြီး၊ ယခုအချိန်အထိ ဒေသတွင်း စစ်ရေးအခြေအနေမှာ မတည်မငြိမ်ဖြစ်နေဆဲဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လေဆိပ်ကို နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမည် ဖြစ်သော်လည်း လုံခြုံရေးအာမခံချက်မရှိဘဲ လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲရန် ကြိုးပမ်းခြင်းမှာ ပြည်သူ လူထုအတွက် စိုးရိမ်စရာဖြစ်နေကြောင်း မြို့ခံများက ဆိုသည်။

July 9, 2026
ကရင်နီစစ်မျက်နှာပြင်၌ မေလအတွင်း စစ်တပ်၏ စစ်ကြောင်းလှုပ်ရှားမှုများ ပြန်လည်စတင်လာပြီးနောက်...
July 8, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး...
July 4, 2026
ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ငှက်ဖျားရောဂါ အဖြစ်များနေသော်လည်း...
July 3, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင်...