ကျောက်ဖြူတွင် ဖမ်းခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည်များကို AA စွပ်စွဲချက်ဖြင့် တရားစွဲ

ကျောက်ဖြူတွင် ဖမ်းခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည်များကို AA စွပ်စွဲချက်ဖြင့် တရားစွဲ
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃ ဦးကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က မတရားအသင်းဆက်သွယ်မှု၊ တရားမဝင် ကုန်ပစ္စည်းသယ်ယူမှု ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က မင်းပြားမြို့နယ်မှ ကုန်ပစ္စည်းများတင်ဆောင်လာသော စက်လှေတစ်စီးသည် ရမ်းဗြဲမြို့နယ်သို့ ခုတ်မောင်းလာစဉ် ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်နှင့် ရမ်းဗြဲမြို့နယ်၊ မင်းကြောင်းချောင်း အစပ်တွင် ပင်လယ်ပြင်ရှိ ရေတပ် စစ်သင်္ဘောက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စက်လှေပေါ်တွင် တင်ဆောင်လာသည့် စားသောက်ကုန်ပစ္စည်းများသည် AA အတွက် ထောက်ပို့ပစ္စည်းများ ဖြစ်သည်ဟု စွပ်စွဲကာ AA နှင့်ဆက်နွှယ်မှု၊ တရားမဝင်ကုန်ပစ္စည်းသယ်ယူမှုတို့ဖြင့် စစ်တပ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့် နီးစပ်သူ ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက “တရားစွဲတဲ့လူက စစ်တပ်က လို့ သိရတယ်။ AA အတွက် ထောက်ပို့ပစ္စည်းတွေဆိုပြီး တရားစွဲတာ။ တချို့ကိုတော့ တရားမဝင်ကုန် သွယ်မှုဆို တဲ့ ပုဒ်မတွေလည်း ပါတယ်လို့ သိရတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသူများမှာ ဦးရွှေခဲ၊ ဦးစိန်ဝင်းမောင်၊ ဒေါ်ကြည်ကြည်ခင်၊ ဒေါ်မိမိ၊ ဒေါ်ဝင်းဝင်းရွှေ၊ ဒေါ်တင်မေသန်း၊ မောင်ဇော်မင်းအောင်၊ ဦးကိုကိုအောင်၊ ကိုနေမျိုးသိန်း၊ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်မြမြကျော်၊ ဦးခင်ဇော်ဦး၊ ဒေါ်ချော စုမနှင့် ဦးသန်းဝင်းလွင်တို့ အပါအဝင် စုစုပေါင်း အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၇ ဦး (၁၄ ဦး) ဖြစ်ကြသည်။

၎င်းတို့သည် ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်တို့မှ ဒေသခံများဖြစ်ကြပြီး၊ အချို့မှာ မိမိတို့ မြို့နယ်အတွင်း ပြန်လည်ရောင်းချရန်အတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်သည်များ ဖြစ်ကြသည်။

စက်လှေပိုင်ရှင်နှင့် ခရီးသည်များကို စွဲဆိုထားသည့် ပုဒ်မအသေးစိတ်ကို တိတိကျကျသိရှိနိုင်ရန် DMG အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများနှင့် တွေ့ခွင့်ရရှိရေးအတွက် မိသားစုဝင်များက ကြိုးပမ်းနေသော်လည်း စစ်တပ်က တွေ့ခွင့်မပေးသေးကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ ရမ်းဗြဲဒေသခံ အမျိုးသားတစ်ဦးက “ဖမ်းဆီးခံထားရသူတွေဟာ ခရီးသွားတွေနဲ့ ကုန်သည်တွေပါ။ သူတို့ (စစ်အုပ်စု) က AA ကို စစ်ရှုံးနေလို့ အဲဒီအမြုံစိတ်တွေနဲ့ ရခိုင်ပြည်သူတွေကို ဥပဒေမဲ့ လုပ်ချင်သလို လုပ်နေကြတာ။ သူတို့ လက်အောက်ကို ရောက်သွားရင် သူတို့ လုပ်သမျှခံရမှာမို့ အတတ်နိုင်ဆုံး လွတ်ကင်းအောင် နေထိုင်ကြဖို့ လိုပါတယ်” ဟု ထောက်ပြသည်။

ရခိုင်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ စစ်တပ်က ‘ဖြတ်လေးဖြတ်’ ဗျူဟာဖြင့် လမ်းခရီးများကို ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် အကျပ်အတည်းများစွာ ဖြစ်ပေါ်လျက်ရှိသည်။

ရခိုင်ဒေသခံများသည် လူမှုစီးပွားဘဝအတွက် သွားလာလှုပ်ရှားရာတွင်လည်း စစ်တပ်၏ ဖမ်းဆီး ထောင်ဒဏ် ချမှတ်မှုများနှင့် ကြုံတွေ့နေရသဖြင့် ထိခိုက်နစ်နာမှု ကြီးမားနေသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းရှိ နယ်မြေအများစုကို AA က သိမ်းပိုက်ထိန်းချုပ်ထားသဖြင့် မြေပြင်တွင် နယ်မြေ မစိုးမိုးနိုင်တော့သည့် စစ်တပ်သည် ရေပြင်အင်အားကို တိုးချဲ့လှုပ်ရှားလာပြီး၊ ဒေသခံ ပြည်သူများ၏ ရေလမ်း ခရီး သွားလာမှုများကို အဓိက ခြိမ်းခြောက်လျက်ရှိသည်။

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...