လွှတ်တော်က ပိတ်ခိုင်းသော်လည်း မွန်တွင် လောင်းကစားဝိုင်းများ လည်ပတ်နေဆဲ

လွှတ်တော်က ပိတ်ခိုင်းသော်လည်း မွန်တွင် လောင်းကစားဝိုင်းများ လည်ပတ်နေဆဲ

မွန်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ ပိတ်သိမ်းရန် လွှတ်တော်အဆို အောင်မြင်ခဲ့သော်လည်း၊ နယ်မြေအေးချမ်းခြင်း မရှိသေးဟူသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးအရေးယူခြင်း မရှိဘဲ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း မြေပြင်မှ စုံစမ်းသိရှိရသည်။

လတ်တလောတွင် မော်လမြိုင်မြို့၊ ပေါင်မြို့နယ်၊ ချောင်းဆုံ၊ မုဒုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် ဇာတ်ပွဲများ မပါဝင်ဘဲ အာဝါးဒေးနှင့် လောင်းကစားဝိုင်း သီးသန့်များကို ကျင်းပနေဆဲဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၎င်းက “နယ်မြေမအေးချမ်းသေးလို့ပါဆိုပြီး စကားကိုလိမ္မာသုံးဖြေသွားတာ တကယ်ပိတ်သိမ်းဖို့ မဖြစ်နိုင်ဘူး၊ မအေးချမ်းသေးလို့ မရှင်းနိုင်သေးလို့ပဲ အကြောင်းပြနေမယ်။ လူတွေ သိပ်သတိမထားမိဖို့ ဇာတ်ပွဲတွေကို နား လိုက်တယ် ကစားဝိုင်းသီးသန့်ဖြစ်နေတယ်” ဟု ဆိုသည်။

သို့သော်လည်း လောင်းကစားဝိုင်း ဖွင့်လှစ်ထားသည့် နေရာအများစုသည် စစ်တပ်ထိန်းချုပ်နယ်မြေများသာ ဖြစ်သဖြင့် လုံခြုံရေးကိစ္စမှာ အကြောင်းပြချက်တစ်ခုသာဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

တရားဝင်ခွင့်ပြုချက် ရရှိထားသကဲ့သို့ ရက်ရှည်လများ လည်ပတ်နေသည့် မွန်ပြည်အတွင်းက လောင်းကစား ဝိုင်းများကို တားဆီးပိတ်ပင်ရန် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါအဆိုကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့ပြီး လွှတ် တော်ကိုယ်စားလှယ် ဦးသန့်ဇော်က “အဆိုနဲ့ပတ်သက်ပြီး တားဆီးပိတ်ပင်ရေးဆောင်ရွက်လျက်ရှိပြီး ၁၀ မြို့ နယ်စလုံး အဆိုရှိနေတဲ့အတွက် မြို့နယ်အားလုံး လုံခြုံရေးအခြေအနေအားကောင်းလာပါက ပိုမိုဆောင် ရွက် သွားမည်ဖြစ်ကြောင်း” ပြောဆိုထားသည်။

စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များကြား အခွန်အကောက် ခွဲဝေယူကာ ဒေသတွင်း၌ လုံခြုံရေးအကာအကွယ် အပြည့်ဖြင့် တွင်ကျယ်စွာ ဖွင့်လှစ်ထားသဖြင့် ဖမ်းဆီးအရေးယူရန် မလွယ်ကူကြောင်း ကျိုက်မရော ဒေသခံ တစ်ဦးက သုံးသပ်သည်။

၎င်းက “မိုးတွင်းဖြစ်နေလို့ ပွဲတော့နားတယ်၊ လာကစားတဲ့သူနည်းတာက အဆိုကြောင့်မဖြစ်နိုင်ဘူး။ ကရင် စစ်သားတွေကတော့ လောင်းကစားဝိုင်းနေရာမှာ စောင့်ဆိုင်းနေတယ်။ သူတို့ပိုင်တဲ့ မြေဖြစ်သွားရင် ဘယ် အစိုးရတက်တက် အကျိုးခံစားခွင့်ကို မျှဝေထားပြီးသားဆို ဒီလောင်းကစားဝိုင်းကိစ္စ ဆက်ရှိသွားမယ်။ ရပ်ဖို့ အနေအထားမမြင်ရဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်ရှိ ကော့ဒုန်၊ ကော့ပနော့ကျေးရွာနှင့် ချောင်းနှစ်ခွဘက်တို့၌ နေ့စဉ်လောင်းကစား ဝိုင်းများ စည်ကားနေဆဲ ဖြစ်သည်။

လွှတ်တော်အစိုးရ၏ ကတိကဝတ်နှင့် အာမခံချက်များနှင့် ပတ်သက်၍ စိစစ်ရေးကော်မတီ ရှိနေသည့်အတွက် အစိုးရအဖွဲ့ထံ ခွင့်ပြုချက်ရရှိထားသည်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ လွှတ်တော်သို့ တရားဝင်လာရောက် ရှင်းလင်းဖြေကြားရန် တောင်းဆိုပိုင်ခွင့် ရှိနေကြောင်းလည်း ဥပဒေကြောင်း အရ ပေါ်ပေါက်နေသည်။

July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...
ဓါတ်ပုံ - Facebook
July 3, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် ပြည်တွင်း၌ အသုံးပြုနေသည့် Starlink (စတားလင့်) အင်တာနက်စက်...
July 2, 2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်မှုထမ်းရန် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာများပေးပို့ခြင်းနှင့်...
July 1, 2026
မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် ဘန်ကောက်မြို့...