စစ်တပ်ထိုးစစ်ကြောင့် ကရင်နီပြည်သူများ အခက်အခဲကြုံ၊ အရပ်သား ထိခိုက်မှုများရှိ

စစ်တပ်ထိုးစစ်ကြောင့် ကရင်နီပြည်သူများ အခက်အခဲကြုံ၊ အရပ်သား ထိခိုက်မှုများရှိ

ကရင်နီစစ်မျက်နှာပြင်၌ မေလအတွင်း စစ်တပ်၏ စစ်ကြောင်းလှုပ်ရှားမှုများ ပြန်လည်စတင်လာပြီးနောက် ဇွန်လတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုမြင့်တက်လာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ လစဉ်မှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်တပ်သည် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း - ဖယ်ခုံ - မိုးဗြဲ ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် ကရင်နီပြည် အလယ်ပိုင်း ဆက်သွယ်ရေးလမ်းမကြီးတစ်လျှောက် နယ်မြေစိုးမိုးနိုင်ရန် တန်ပြန်ထိုးစစ်များ ဆင်နွှဲလျက်ရှိ သည်။

၇၇ မိုင်နီးပါးရှည်လျားသော မိုးဗြဲ - လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို - ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီက အင်အားသာလွန်နေသဖြင့် ယခင်က ကုန်သွယ်ရေးနှင့် သွားလာရေးအတွက် အသုံးပြုခဲ့သော လမ်းပိုင်းအချို့ကို ပိတ်ထားရသည်။

ယခုနှစ်တွင် လမ်းနှင့်တံတားများ ပျက်စီးမှု အများဆုံးကြုံတွေ့နေရသဖြင့် ဒေသခံများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ဒီးမော့ဆိုမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက “အရင်က သုံးလို့ရတဲ့ လမ်းမကြီးတချို့လည်း သုံးလို့မရတော့ ဘူး။ အခုဆိုရင် မိုးရာသီလည်းဖြစ်၊ တောလမ်းလည်းသွားရတော့ ခရီးသွားရတာ အရမ်းကြန့်ကြာတယ်။ အရင် က ၁ ရက်ခရီးက အခု တစ်ပတ်၊ ၁၀ ရက်ခရီး ဖြစ်နေပြီ။ အဖက်ဖက်က ခက်ခဲပါတယ်။ အခုတလော ဒရုန်းနဲ့ တိုက်ခိုက်တာတွေ များလာပြီးတော့ လေကြောင်းတိုက်ခိုက်တာတွေလည်း ပြန်ဖြစ်လာနေတာပေါ့နော်” ဟု ပြောသည်။

မေလအတွင်း ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်း၊ ဆီဆိုင်၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် စစ်တပ် ၏ စစ်ရေးလှုပ်ရှားမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့ပြီး ဖရူဆိုမြို့နယ်တွင် အရပ်သား ထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု အများဆုံးရှိခဲ့သည်။

ဖရူဆိုမြို့နယ်၌ စစ်တပ်၏ ဒရုန်းကင်းထောက်မှုများ ဆက်တိုက်ရှိနေပြီး တောင်သူများမှာလည်း တောင်ယာခင်း များအတွင်း ဒရုန်းဗုံးစထိမှန်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ နှောင့်နှေးနေရသည်။

လက်ရှိတွင် ကရင်နီပြည်တောင်ပိုင်း ဘောလခဲနှင့် ဖားဆောင်းမြို့နယ်ဘက်၌ စစ်တပ်၏ လှုပ်ရှားမှု ထူးခြားခြင်း မရှိသေးသော်လည်း၊ အနောက်မြောက်ဒေသဖြစ်သည့် ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

KnHRG ၏ မှတ်တမ်းအရ စစ်တပ်သည် မေလတွင် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ ဇွန်လတွင် ၁၄ ကြိမ်အထိ မြှင့်တင်ခဲ့သည်။

ထို့ပြင် လက်နက်ကြီးပစ်ခတ်မှုမှာ မေလ၌ ၅ ကြိမ်၊ ဇွန်လ၌ ၇ ကြိမ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းမှာ မေလတွင် ၃ ကြိမ်၊ ဇွန်လတွင် ၆ ကြိမ်အထိ ရှိလာခဲ့သည်။ အရပ်သားဖမ်းဆီးခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခြင်း ကဲ့သို့သော ချိုးဖောက်မှုများကိုလည်း စစ်တပ်က ကျူးလွန်ခဲ့သည်။

အရပ်သား ထိခိုက်သေဆုံးမှု အနေဖြင့် မေလတွင် ၂ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဇွန်လတွင် ကလေးငယ်များ အပါအဝင် ၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

July 8, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး...
July 4, 2026
ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ငှက်ဖျားရောဂါ အဖြစ်များနေသော်လည်း...
July 3, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင်...
July 2, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက လွိုင်နန်းဖရေထိန်းတမံကို...