ဆေးဝါးသယ်ယူရခက်ခဲ၍ ဒီးမော့ဆိုတွင် ငှက်ဖျားလူနာများကို ဆေးချေးငှားကုသနေရ

ဆေးဝါးသယ်ယူရခက်ခဲ၍ ဒီးမော့ဆိုတွင် ငှက်ဖျားလူနာများကို ဆေးချေးငှားကုသနေရ

ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ငှက်ဖျားရောဂါ အဖြစ်များနေသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆေးဝါးပြတ်လပ်နေသဖြင့် လူနာများကို အခြားကျေးရွာများမှ ဆေးဝါး ချေးငှား၍ ကုသပေးနေရကြောင်း ကျန်းမာရေးစေတနာ့ဝန်ထမ်းများက ပြောသည်။

ငှက်ဖျားရောဂါ ဖြစ်ပွားသူများ အတွက် ဆေးဝါးလှူဒါန်းပေးသည့် အဖွဲ့အစည်း အချို့ ရှိသော်လည်း လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် ဆေးဝါးရောက်ရှိရန် ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် လိုအပ်သည့် ဆေးဝါးကို နီးစပ်ရာကျေးရွာများထံမှ ချေးငှားကာ ကုသပေးနေရခြင်း ဖြစ်သည်။

ကျန်းမာရေး စေတနာ့ဝန်ထမ်းတစ်ဦးက “ကျမတို့အရှေ့ဖက်ခြမ်းမှာက အနောက်ဖက်ခြမ်းကနေ ပို့ရတယ်။ နောက်ခြမ်းကနေ ပို့ရတော့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့ တပတ်လောက် ရောက်ရမယ့်ဟာကို တစ်လနေမှ ရောက်တယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်မလို့ ဖြစ်တယ်ပေါ့နော်။ အဲ့ဒါ ရွာမှာက ဆေးကုန် ရင် အခြားရွာ သွားချေးရတယ်။ အခုလည်း သွားချေးထားတယ်။ အကယ်၍ ဆေးပြန်ရောက်လာရင်တော့ ပြန်သွားဆပ်လို့ရတယ် အဲ့လိုမျိုးပေါ့နော်။ အဲ့လို အဆင်ပြေအောင်ပဲ လုပ်ရတာပေါ့” ဟု ပြောသည်။

အဆိုပါကျေးရွာတွင် ငှက်ဖျားရောဂါသည် ပြီးခဲ့သည့် ဇွန်လအတွင်းမှစ၍ အဖြစ်များလာခြင်းဖြစ်သည်။ တစ်လ တာအတွင်း ငှက်ဖျားရောဂါလက္ခဏာဖြင့် လာရောက်ပြသသူ ၅၀ ဝန်းကျင်ရှိခဲ့ပြီး၊ ထိုအထဲတွင် ငှက်ဖျားပိုး တွေ့ ရှိသူ ၁၃ ဦးရှိကြောင်း အဆိုပါစေတနာ့ဝန်ထမ်းက ဖြည့်စွက်ပြောဆိုသည်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းအချို့တွင်လည်း ငှက်ဖျားရောဂါ အဖြစ် များနေပြီး၊ ရောဂါကူးစက်မှုမှ ကာကွယ်ပေးနိုင်မည့် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ခြင်ထောင် မရှိကြဘူး ခြင်ထောင်လိုအပ်ကြတယ် ဒီမှာက ခြင်ထောင်လာပေးတာမျိုးလည်းမရှိဘူး။ အခုတော့ ခြင်ထောင်အတွက် အထက်ကို တင်ပြထားတာတော့ရှိတယ်။ မရသေးတာ။ ခြင်ထောင်ထောင်အိပ်နိုင်ရင်တော့ အလုပ်မသွားရလည်း ကြိုတင်ကာကွယ်ပေးတာ‌ပေါ့။ ပြောလို့မရဘူးလေ အခုမဖြစ်ကြသေးတဲ့သူတွေလည်း။”

ဆေးခန်းသို့ လာရောက်ပြသပြီး ငှက်ဖျားပိုးတွေ့ရှိသူများတွင် ခရီးသွားလာသူများနှင့် တောတောင်ထဲ၌ အလုပ်သွားရောက်လုပ်ကိုင်သူများ ပိုမိုများပြားနေသည်။

ကျန်းမာရေးစေတနာ့ဝန်ထမ်းက “ငှက်ဖျားက အဓိက ခြင်ကနေ ဖြစ်တာလေ။ ခြင်ကနေ ဖြစ်တော့ အဓိက တောင်ယာသွားတာတို့ အဝေး ခရီးသွားသူတော်တော်များများတော့ အဲ့ကနေ ပြန်လာပြီးတော့ ခြင်ကိုက်ခံရတာ ပြန်ဖြစ်တဲ့လူများတယ်“ ဟု ဆက်ပြောသည်။

ငှက်ဖျားပိုးတွေ့ရှိသူများအနက် အသက် ၂၀ နှစ်မှ ၆၀ နှစ်အတွင်းရှိသူ အများစုဖြစ်ပြီး၊ အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပိုမိုများပြားလျက်ရှိသည်။

September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...