AFTA ဖက်ဒရယ်အခြေခံဥပဒေမူကြမ်း NUG နှင့် NUCC ရေးဆွဲပြီးစီး

AFTA ဖက်ဒရယ်အခြေခံဥပဒေမူကြမ်း NUG နှင့် NUCC ရေးဆွဲပြီးစီး

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ ပူးပေါင်း ရေးဆွဲသည့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများ ဆိုင်ရာ အခြေခံဥပဒေ (AFTA) Zero Draft ပြီးစီး သွားပြီဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ အခြေခံဥပဒေတွင် ဥပဒေအခန်းပေါင်း ၁၃ ခန်း ပါဝင်ပြီး၊ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များအား ကောင်းရေးမှ တစ်ဆင့် ပြည်ထောင်စုအားကောင်းရေးကို ဦးတည်သည့် Bottom-up Federalism စနစ်အပေါ် အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်သည်။

အသေးစိတ်အချက်အလက်များကိုမူ တော်လှန်ရေးအင်အားစုများအားလုံး စုံညီစွာ ပါဝင်နိုင်မည့် အသွင်ကူး ပြောင်းရေးကာလတွင် ဆက်လက်ညှိနှိုင်းဆုံးဖြတ်သွားမည်ဟု ပွဲတက်ရောက်သူများက ဆိုသည်။

NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က “AFTA မှာ နိဒါန်းမပါရင် စုစုပေါင်းအခန်း (၁၃) ခန်း ပါပါတယ်။ အခြေခံ မူတွေနဲ့ပဲ ထည့်သွင်းထားတာပါ။ အသေးစိတ်ကိုတော့ ကျနော်တို့အသွင်ကူးပြောင်းရေးကာလမှာ အစုအဖွဲ့တွေ၊ အင်အားစုတွေ အားလုံးစုံစုံညီညီပါဝင်နိုင်တဲ့အခြေအနေရောက်တော့မှ ဖက်ဒရယ်ညီလာခံခေါ်ပြီး အကျေ အလည် ညှိနှိုင်းဆုံးဖြတ်ကြဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိအခြေခံမူများ ရေးဆွဲရာတွင် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာအခြေခံမူများ၊ အခြေခံအခွင့်အရေးများ၊ ပြည်နယ်နယ်နိမိတ်များ ရေးဆွဲရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးနှင့် ငွေကြေး ဆိုင်ရာ၊ ပြန်လည်ထူထောင်ရေး အစီအမံများနှင့် အမျိုးသမီးအခွင့်အရေး ဆိုင်ရာ ဥပဒေများကို ဆွေးနွေးညှိနှိုင်း ကာ ရေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် တင်ပြခဲ့ကြသည်။

ထို့ပြင် ကချင်ပြည်ရှိ မြစ်ဆုံစီမံကိန်းတွင် တရုတ်နိုင်ငံက ဝင်ရောက်ဖိအားပေး လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ကြားကာလ၌ တစ်နိုင်ငံလုံး ထိခိုက်လာနိုင်မည့်အရေးကို ကာကွယ်နိုင်ရန်အတွက် ပြည်နယ်များနှင့် ပြည်ထောင် စု၏ လုပ်ပိုင်ခွင့်အခန်းကဏ္ဍများကိုလည်း အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည်။

NUCC အဖွဲ့ဝင်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နှင်းနှင်းမွှေးက “မြစ်ဆုံအရေးက ကချင်တစ်ခုတည်းရဲ့အရေးမဟုတ်ဘူး ကျမတို့တစ်နိုင်ငံလုံးရဲ့အရေးဖြစ်ပါတယ်။ တရုတ်ရဲ့ဖိအားတွေလည်း ပါတာပေါ့နော်၊ ဒါတွေကို သတင်းမီဒီယာက ကျယ်ကျယ်ပြန့်ပြန့် အသံထုတ်ပေးနိုင်ဖို့ကိုလည်း ကျမတို့ မျှော် လင့်တယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ အခြေခံဥပဒေသည် စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် တော်လှန်ရေး၏ လက်နက်တစ်ခု ဖြစ်သလို၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်လည်း လုပ်ဆောင်နိုင်စွမ်းကို ပြသနိုင်လိမ့်မည်ဖြစ်ကြောင်း NUCC နှင့် NUG တို့က သုံးသပ်ပြောဆိုကြသည်။

ယနေ့ပြုလုပ်ခဲ့သည့် AFTA Zero Draft ရေးဆွဲပြီးစီးကြောင်း အသိပေးရှင်းလင်းပွဲသို့ သက်ဆိုင်ရာ အဖွဲ့အစည်း များမှ တာဝန်ရှိသူများအပါအဝင် ဖိတ်ကြားထားသည့် နယ်စပ်အခြေစိုက် သတင်းဌာနများ၊ နိုင်ငံတကာသံရုံး တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

Most read this week

ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...
ဓါတ်ပုံ - CJ
August 17, 2026
ကရင်ပြည်၊ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး...
August 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)...