တိုက်ပွဲကြောင့် ရေးမြို့နယ်အတွင်းက ကျောင်းသား ၄၀၀ ကျော် ကျောင်းမတက်နိုင်

တိုက်ပွဲကြောင့် ရေးမြို့နယ်အတွင်းက ကျောင်းသား ၄၀၀ ကျော် ကျောင်းမတက်နိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကျုံလောင်းနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ စာသင်ကျောင်း ၅ ကျောင်းခန့် ပိတ်ထားရပြီး ကျောင်းသား/သူ ၄၀၀ ကျော် ကျောင်းမတက်နိုင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျုံလောင်းရွာဟောင်းဘက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် ကျုံလောင်း၊ ကျောက်မိချောင်းကျေးရွာမှ အခြေခံပညာ မူလတန်းကျောင်း ၂ ကျောင်းနှင့် ဝယ်ဇင်း၊ ဓမ္မပါလ၊ ဝယ်ပေါင်ကျေးရွာတို့မှ မွန်အမျိုးသား မူလတန်းကျောင်း ၃ ကျောင်းတို့က ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး ပိတ်ထားရသည်ဟု ကျောင်းတာဝန်ရှိသူတို့၏ ပြောပြချက်အရ သိရသည်။

အဆိုပါ စာသင်ကျောင်း ၅ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော်တို့သည် မိဘဖြစ်သူတို့နှင့်အတူ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် ကျောင်းဆရာ/ဆရာမ တို့ကလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း မွန်အမျိုးသားကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

“တကယ်တော့ ကျောင်းက ပိတ်ချင်လို့ ပိတ်တာမဟုတ်ဘူး။ လက်နက်ကြီးတွေက ဝယ်ဇင်နဲ့ ဝယ်ပေါင် အနီးတွေမှာ ဆက်တိုက်ကျနေတယ်။ ကျောင်းသားမိဘတွေက သားသမီးတွေကို လာခေါ်ကြတယ်။ ကျောင်းတက်တဲ့ကလေး မရှိတဲ့အထိ ဖြစ်တယ်။ ကျောင်းဆရာတွေလည်း မရှိတော့ ကျောင်းကို ပိတ်ထားရတယ်” ဟု အထက်ပါ ကျောင်းဆရာမ ဆိုသည်။

လာမည့် ဖေဖော်ဝါရီလအတွင်းလည်း နှစ်ဆုံး အတန်းတင်စာမေးပွဲကျင်းပရမည်ဖြစ်ပြီး လက်ရှိ စစ်ဘေးရှောင်နေရသည့်အပေါ် ပညာရေးပိုင်း တစ်စုံတစ်ရာ ထိခိုက်လာမည်ကို မိဘအုပ်ထိန်းသူနှင့် ကျောင်းတာဝန်ရှိသူတို့ စိုးရိမ်လျက်ရှိသည်။

ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျုံလောင်းနှင့် အနီးတစ်ဝိုက်နေရာတို့တွင် နှစ်ဖက်ပစ်ခတ်မှု ငြိမ်သက်နေသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခံနေရဆဲဖြစ်ကြောင်း ရေးဒေသခံတစ်ဦးက ဆိုသည်။

“ဒီခြေအနေနဲ့ဆိုရင် ကျောင်းတွေ ပြန်ဖွင့်ဖို့က မလွယ်ဘူး။ သိသလောက်တော့ မွန်အမျိုးသားကျောင်း (ဗဟို) အဖွဲ့တွေက ထွက်ပြေးရတဲ့ ကျောင်းသားတွေရဲ့ အချက်အလက်တွေကို လိုက်ကောက်ယူနေကြတယ်။ ကျောင်းသားတွေ ဘယ်ရောက်သွားလဲ၊ ဘယ်မှာရှိနေလဲပေါ့” ဟု ပြောသည်။

ရေးမြို့နယ်အရှေ့ပိုင်းဒေသတစ်ဝိုက်တွင် လတ်တလော တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးစင်တာမှ စာရင်းအရ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၄၀၀ ကျော်ရှိသည်ဟု ဆိုသော်လည်း တောတောင်နှင့် ဥယျာဉ်ခြံအပါအဝင် နေရာအနှံ့ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ၁၂၀၀ ကျော်ရှိနေသည်ဟု မြေပြင်ရှိ စစ်ဘေးရှောင်အချက်အလက် စုဆောင်းနေသူတို့ထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့် ကျုံလောင်းနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာတို့ကို စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားသည့်အပြင် တိုက်ပွဲကာလအတွင်း အရပ်သား ၂ ဦးသေဆုံးပြီး စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၅၀ ထက်မနည်းရှိကြောင်း သတင်းရင်းမြစ်အချို့ ဖော်ပြချက်အရ သိရသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...