ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်မည့် သတင်းများကြောင့် စစ်အုပ်စုဘက်က လုံခြုံရေးတင်းကျပ်ပြီး စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။
မောတောင်မြို့ကို လက်လွှတ်ခဲ့ရသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် မိမိတို့တော်လှန်ရေးရဲဘော်များ အနားယူခြင်းနှင့် လိုအပ်သည့် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပြီး တိုက်ပွဲပြန်ဝင်ရန် အသင့်အနေအထား ရှိနေပြီ ဖြစ်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် မောတောင်မြို့ အဝင်အထွက်နှင့် မြို့အနီးတစ်ဝိုက် နေရာများ တွင် လုံခြုံရေးတိုးမြှင့်လာပြီး စစ်အင်အားလည်း ဖြည့်တင်းထားကြောင်း မောတောင်ဒေသခံတစ်ဦးက IMNA သို့ ပြောသည်။
“သူတို့တပ်စခန်းနေရာကိုလည်း ဘန်ကာတွေ အသေအချာကို ပြုပြင်နေတယ်။ တိုက်ပွဲကတော့ ထပ်ဖြစ်လာနိုင် တဲ့ အရိပ်အယောင်ရှိပေမဲ့ အရင်တစ်ခေါက်လိုမျိုးတော့ မပြင်းထန်လာနိုင်တော့ဘူး ထင်တယ်။ အရင်တစ် ခေါက်က တော်လှန်ရေးအဖွဲ့တွေက စစ်စခန်းထဲက လက်နက်ခဲယမ်းတွေကို သိမ်းပိုက်နိုင်ဖို့ အင်တိုက်အားတိုက် လာ တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်ခဲ့တာ။ အခုက ဘာမှမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့က မောတောင်မြို့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ၆ လအကြာ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း စစ်အင်အား တိုးမြှင့်ထားသည့် အခြေအနေများကြောင့် နေရပ်ပြန်လည်ရောက်ရှိနေသည့် ဒေသခံများမှာ လုံခြုံရေးအခြေအနေကို စိုးရိမ်နေကြရသည်။
မောတောင်မြို့တွင် အချိန်မရွေး ဖြစ်ပွားလာနိုင်သည့် တိုက်ပွဲများနှင့် လက်နက်ကြီး၊ ဒရုန်းအန္တရာယ်များကြောင့် နေရပ်မပြန်နိုင်သေးသလို၊ နေအိမ်အပျက်အစီးများကိုလည်း မပြုပြင်ရဲသေးကြောင်း မွန်ဒေသဘက်သို့ ရောက်ရှိ နေသည့် မောတောင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“အရင်တစ်ခေါက်တုန်းက တိုက်ပွဲကြောင့် အိမ်တွေလည်း တော်တော်ထိသွားတယ်။ အချို့လူတွေ ပြန်ပြင်နေ ကြပေမဲ့ ကျနော်တို့ကတော့ အခြေအနေမငြိမ်သေးလို့ ပြန်ပြင်ဖို့ အစီအစဉ်မရှိသေးဘူး။ လမ်းမှာလည်း နှစ်ဖက်စလုံးက တော်တော်စစ်ဆေးနေတယ်လို့ ပြန်ဝင်တဲ့သူတွေက ပြောလာတယ်။ ကားနဲ့ဆို ပေးမသွားဘူး၊ ဆိုင်ကယ်နဲ့ပဲ သွားလို့ရတယ်။ အဲဒီလိုတော့ ကြားတယ်။”
တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း မောတောင်မြို့အဝင်မှ အမှတ် ၉ ကျေးရွာအထိ လမ်းပိုင်းကို ကုန်တင် ယာဉ်များ ဖြတ်သန်းသွားခွင့် မပြုသလို၊ ထုံခါးလမ်းဆုံမှ အမှတ် ၉ ကျေးရွာလမ်းပိုင်းကိုလည်း ဖြတ်သန်းသွား လာခွင့် မပြုကြောင်း သတိပေးထုတ်ပြန်ထားသည်။
ကန့်သတ်ထားသည့် နယ်မြေအတွင်း ဖြတ်သန်းသွားလာပါက စစ်ရေးပစ်မှတ်အဖြစ် မှားယွင်းတိုက်ခိုက်မှုများ ကြုံတွေ့ရနိုင်သဖြင့် တိကျစွာ လိုက်နာပေးရန် တော်လှန်ရေးပူးပေါင်းတပ်က သတိပေးထားသည်။
တစ်ဖက်တွင်လည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများကို စစ်အုပ်စုက လုပ်ငန်းခွင် သို့ ပြန်လည်ဝင်ရောက်ရန် အတင်းအကျပ် ဖိအားပေးလျက်ရှိသည်။







