မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့် ထပ်မံကြုံ တွေ့နေရပြီး ပုံမှန်ထက် ဈေးနှုန်းပိုမိုပေးဝယ်ယူနေရကြောင်း ဆီဆိုင်ပိုင်ရှင်များနှင့် သုံးစွဲသူများက ပြောသည်။
ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ သထုံ၊ ပေါင်၊ မုဒုံနှင့် ရေးမြို့နယ်များရှိ စက်သုံးဆီဆိုင်အချို့မှာ ဆီမရောက်ရှိသည့် အတွက် အရောင်းပိတ်ထားရသည်အထိ ဖြစ်ပေါ်နေသည်။
ထို့ပြင် စက်သုံးဆီဝယ်ယူမှုကို စစ်တပ်လက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့က QR ကုဒ်စနစ်ဖြင့် ပိုမိုတင်းကျပ် စွာ ထိန်းချုပ်လာကြောင်း ဒေသခံများက ဆိုသည်။
“ပေါင်မှာ တစ်ရက်ပဲ ပြတ်လပ်သေးတယ်။ ကြိုက်သလောက်ဝယ်လို့မရဘူး၊ ဒီနေ့သွားထည့်တာ ဆီကုန်တယ် လို့ ပြောတယ်။ စက်သုံးဆီဝယ်ယူတာကို ပိုကြပ်မတ်လာတာရှိတယ်။ ပြည်နယ်အစိုးရအဖွဲ့က QR ကုဒ်နဲ့ စနစ် တကျ ပြန်ရောင်းရမယ်ဆိုပြီး ညွှန်ကြားလာတယ်။ ခွဲတမ်းလည်း လျော့တယ်လို့ သိရတယ်” ဟု ပေါင်မြို့နယ်မှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
မွန်ပြည်တွင် ၉၅ တစ်လီတာလျှင် ၃,၅၄၅ ကျပ်၊ ၉၂ တစ်လီတာလျှင် ၃,၄၈၀ ကျပ်နှုန်းဖြင့် ရောင်းချနေသော် လည်း ရန်ကုန်မြို့တွင် ၉၅ တစ်လီတာလျှင် ၃,၃၁၀ ကျပ်နှင့် ၉၂ တစ်လီတာလျှင် ၃,၂၅၀ ကျပ်သာရှိနေသဖြင့် ဈေးနှုန်းကွာဟချက်မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
စက်သုံးဆီ ခွဲတမ်းရရှိမှုမှာ တစ်ပတ်လျှင် တစ်ကြိမ်သာဖြစ်ပြီး ရရှိမည့် ပမာဏကိုလည်း ကြိုတင်မသိရှိရသဖြင့် ဆီဆိုင်ပိုင်ရှင်များအနေဖြင့် ဆီပြတ်လပ်မှုမဖြစ်စေရန် ထိန်းညှိရောင်းချနေရကြောင်း ရေးမြို့နယ်မှ ဆီဆိုင်ပိုင်ရှင် တစ်ဦးက ရှင်းပြသည်။
“တစ်ပတ်တစ်ခါ ခွဲတမ်းရတော့ ထိန်းပြီးရောင်းရတယ်။ နေ့တိုင်းဆိုင်ဖွင့်ဖို့ လိုအပ်သလောက် မပေးနိုင်ဘူး။ နှစ်ရက်လောက်တော့ ပြတ်လပ်သွားတယ်” ဟု ၎င်းက ပြောသည်။
အချို့သော လုပ်ငန်းရှင်များကမူ စက်သုံးဆီရောင်းချခွင့်ရရှိထားသည့် ကုမ္ပဏီတစ်ခု၏ လုပ်ငန်းရှင်ကို အာဏာပိုင်များက အရေးယူလိုက်ခြင်းကြောင့် စီမံခန့်ခွဲမှု လစ်ဟာမှုများ ဖြစ်ပေါ်ကာ ဆီပြတ်လပ်မှု ဆိုးရွားလာ ခြင်း ဖြစ်သည်ဟု သုံးသပ်နေကြသည်။
ထို့ပြင် တင်ဒါရရှိထားသည့် ကုမ္ပဏီအနည်းငယ်ကသာ ဖြန့်ဖြူးနေရခြင်းကြောင့် ဈေးကွက်ယှဉ်ပြိုင်မှု အားနည်းပြီး မွန်ပြည် စက်သုံးဆီကဏ္ဍတွင် အခက်အခဲများ ကြုံတွေ့နေရသည်။
မွန်ပြည်အတွင်း စက်သုံးဆီဈေးနှုန်း ကျဆင်းစေရန် ရန်ကုန်သီလဝါဆိပ်ကမ်းမှ တစ်ဆင့် ပြန်လည် ဝယ်ယူ ခွင့်ပြုရန် တောင်းဆိုမှုများရှိနေသော်လည်း၊ မွန်ပြည်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးဇေယျာဦးကမူ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လက်ရှိတွင် ဆောင်ရွက်သွားရန် မရှိသေး ကြောင်း ဇွန်လ ၁၅ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားထားသည်။







