ဖလူး-မင်းလက်ပံလမ်းပိုင်းကို စစ်အုပ်စု ဆက်တိုက် ဗုံးကြဲ

ဖလူး-မင်းလက်ပံလမ်းပိုင်းကို စစ်အုပ်စု ဆက်တိုက် ဗုံးကြဲ

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး-မင်းလက်ပံလမ်းပိုင်းကို အခြေစိုက်ထားသည့် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကို စစ်အုပ်စုက ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ အဆိုပါလမ်းပိုင်းကို စစ်အုပ်စုတပ်က မြေပြင်စစ်ကြောင်းဖြင့် ထိုးစစ်ဆင်ရာတွင် အကျအဆုံးများပြီး တပ်ပြန်ဆုတ်ခဲ့ရသည့်အတွက် 

ယခုကဲ့သို့ လေကြောင်းပစ်ကူကို အဓိက ထားအသုံးပြုလာခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်နေ့ (ယနေ့) နံနက် ၆ နာရီကျော်အချိန်တွင်လည်း ဂျက်တိုက်လေယာဉ်များအပြင် Y-12 ဗုံးကြဲ လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေကြောင်း KNLA မဟာမိတ်တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောဆိုသည်။

“စစ်အုပ်စုက ၃ ရက်ရှိပြီ၊ နေ့ရောညပါ လေယာဉ်နဲ့ လာကြဲနေတာ။ မနေ့ည ၇ နာရီကျော်မှာလည်း လာကြဲ တယ်။ ဒီနေ့မနက် ၆ နာရီကျော်ကစပြီး Y-12 နဲ့ ပတ်ပြီး ဗုံးကြဲနေတယ်။ သူတို့ဘက်က မင်းလက်ပံလမ်းပိုင်း ကို တက်မရဘဲ တပ်ပြန်ဆုတ်နေရလို့ လေကြောင်းကို အားကိုးပြီး ဗုံးကြဲခိုင်းနေတာပါ” ဟု KNLA မဟာမိတ် တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိတွင် လေးကေ့ကော် ကျောက်တောင်အထက်ပိုင်း၊ ရဲကုန်းနေရာနှင့် ကျွန်းခုနစ်ပင်နေရာတို့တွင် တိုက်ပွဲ များ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။

ထို့ပြင် မြဝတီတောင်ဘက်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်များသည် ဝေါလေစစ်ဗျူဟာ၊ KK Park တရုတ် ကျားဖြန့် (အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း) စခန်း၊ လက်ခတ်တောင်နှင့် ခြေလျင်တပ်ရင်း (ခလရ -၂၇၅) တို့မှတစ်ဆင့် လက်နက်ကြီးများ၊ ဒုံးကျည်များဖြင့် ပစ်ကူပေးလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဖလူးနှင့် မင်းလက်ပံကျေးရွာ အတွင်းရှိ လူနေအိမ်များ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနများ ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

တိုက်ပွဲအတွင်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲ့ကိုကင်းကျေးရွာ ဘက်သို့ ကျရောက်မှုများ ဆက်လက်ရှိနေကြောင်း ဒေသဆိုင်ရာ ထိုင်းသတင်းအရင်းအမြစ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

July 15, 2026
ယခု ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်၌ အာဏာသိမ်း စစ်အုပ်စု၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်...
July 14, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုင်း - မြန်မာနယ်စပ် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထိ...
July 14, 2026
ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ၏ တရားဝင်အမှတ်တံဆိပ်ကို ကျန်းမာရေးဆိုင်ရာ...
July 13, 2026
မောင်ကျော်စွာ — မင်းအောင်လှိုင်အစိုးရ၏ ‘ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်း’...