ရေးတွင် ဖမ်းဆီးခံထားရသည့် အစင်ဒေသခံ အမျိုးသမီးနှစ်ဦး ပြန်မလွတ်သေး

ရေးတွင် ဖမ်းဆီးခံထားရသည့် အစင်ဒေသခံ အမျိုးသမီးနှစ်ဦး ပြန်မလွတ်သေး

မွန်ပြည်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် တစ်ရက်တည်း၌ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဒေသခံအမျိုးသမီးနှစ်ဦးမှာ ယနေ့ထက်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

တော်လှန်ရေးအဖွဲ့များနှင့် ပါဝင်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က အစင်ကျေးရွာခံ အမျိုးသမီးနှစ်ဦးကို ၎င်းတို့၏ နေအိမ်အသီးသီးတွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းနောက် အဆိုပါအမျိုးသမီးနှစ်ဦးကို ရေးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသော်လည်း မိသားစု ဝင်များနှင့် ဆက်သွယ်ခွင့် မရရှိကြသေးဟု ရေးဒေသခံတစ်ဦးက IMNA သို့ ပြောသည်။

“ဒီနေ့အထိ မလွတ်သေးဘူးပေါ့နော်။ သားက နိုင်ငံရေးနဲ့ ပတ်သက်ထားတာမျိုး ဆိုပြီးတော့ အမေကို ဖမ်းသွား တာ။ သားတွေက အိမ်မှာလည်းမရှိပါဘူး။ တော်လှန်ရေးလုပ်နေလား ဆိုပြီးပေါ့ နှစ်ယောက်လုံးကို ထောက်ပို့ လို ပုံစံနဲ့ဖမ်းသွားတာ” ဟု ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ဖမ်းဆီးခံထားရသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ အထည်ဆိုင် ဖွင့်လှစ် ထားသူ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ မြန်မာမုန့်များကို ရောင်းချနေသည့် ဈေးသည်တစ်ဦးသာ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မည်ကဲ့သို့ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ကို မသိရှိရသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိသည်။

ဒေသခံတစ်ဦးက “သူတို့အင်အားက ၁၅ ယောက်လောက်ပါတယ်။ စစ်တပ်က အတိအကျနဲ့ လာဖမ်းတယ်။ နေအိမ်အတိအကျ လာပြပေးတဲ့ ပျူစောထီးတွေလည်း ပါတယ်ပေါ့” ဟု ပြောသည်။

အစင်ကျေးရွာအတွင်း စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်တပ်သတင်းပေးများ များပြားသော ကြောင့် ယခုကဲ့သို့ တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရမှုမျိုး မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ရေးမြို့နယ်အတွင်း စစ်တပ်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခြင်း၊ လမ်းပိုင်းများ ပိတ်ဆို့စစ်ဆေးခြင်းအပြင် ရွှေ့ပြောင်းအလုပ်သမားများကို အကြောင်းမဲ့ဖမ်းဆီးကာ ငွေညစ်ခြင်း စသည့် လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝှမ်း မတရားဖမ်းဆီးခံထားရသူ ၃၀,၀၀၀ ကျော်ရှိသည့်အနက် ၁၄,၀၀၀ ကျော်မှာ ယနေ့တိုင် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...