ရမ်းဗြဲတွင် ရေပြန်ကျသော်လည်း လမ်းတံတားများပျက်စီး၍ သွားလာရေးခက်ခဲနေ

ရမ်းဗြဲတွင် ရေပြန်ကျသော်လည်း လမ်းတံတားများပျက်စီး၍ သွားလာရေးခက်ခဲနေ

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လက်ရှိတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သော်လည်း လမ်းတံတားအချို့ ပျက်စီးသွားသဖြင့် ဒေသခံများ သွားလာရေး အခက်ကြုံတွေ့နေရသည်။

ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်၍ ရေများ ပြန်လည်ကျဆင်းသွားခြင်းဖြစ်ပြီး၊ ရမ်းဗြဲ-လေးတောင် လမ်းပိုင်းရှိ ထန်းပြိန်ကျေးရွာနှင့် ရှောက်ချောင်းကျေးရွာကြားရှိ စံဂေါ်တောင်တံတားမှာ ရေတိုက်စားမှုကြောင့် ကျိုးကျ ပျက်စီးသွားခဲ့သည်။

ရမ္မာမြေ စစ်ဘေးကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ရမ်းဗြဲမှာက စံချိန်တင်ရေကြီးသွားတဲ့အခါ တံတားက တော့ ကျောက်ချောင်းဘက်က တံတားကြီး တစ်စင်း ပျက်စီးသွားတယ်။ တချို့ရွာတွေက ဝါးတံတားတွေ လည်း အားလုံးပါသွားတဲ့ အနေအထားပါ။ ကျောက်ချောင်းဘက်မှာ လမ်းတွေ ပျက်စီးသွားတယ်။ ဦးကာ တောင်ဘက်မှာ လမ်းတွေ ပိုင်းသွားတယ်။ လောလောဆယ်တော့ လူအားနဲ့ အရင် ပြန်ပြုပြင်နေရတဲ့ အနေ အထားပေါ့။ စက်ယန္တရားတွေနဲ့ လုပ်ဖို့ကျ ဆီဖိုးတွေ လိုတော့ လူအားနဲ့ပဲ အရင်ပြုပြင်နေရသေးတယ်” ဟု ပြောသည်။

အဆိုပါ တံတားသည် အနီးအနားရှိ ထန်းပြိန်၊ ရှောက်ချောင်း၊ နားမူးတွေ၊ င/စမိ စသည့် ကျေးရွာများမှ ဒေသခံ ပြည်သူများအတွက် အဓိက အသုံးပြုနေသည့် တံတားဖြစ်သဖြင့် ကူးသန်းသွားလာရာတွင် အခက်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထို့ပြင် လေးတောင်နှင့် ရမ်းဗြဲမြို့သို့ အဓိက ဆက်သွယ်ထားသည့် ပင်မလမ်းပိုင်းမှ တံတားလည်း ဖြစ်သည်။

လေးတောင်ဒေသခံ အမျိုးသားတစ်ဦးက “ရမ်းဗြဲကို သွားမယ်ဆိုရင် အဓိက ဒီတံတားပေါ်ကနေ ဖြတ်ရတာ ပေါ့။ တံတား အခုလို လုံးဝပျက်သွားတော့ ချက်ချင်းလည်း မလုပ်နိုင်သေးရင် အနားက ရွာတွေအတွက် အခက် အခဲတော့ ရှိတယ်။ မြို့ပေါ်ကို အရေးပေါ် ကျန်းမာရေးကိစ္စတို့ တခြားလူမှုရေးကိစ္စတို့ ကြုံလို့ အသွားအလာ လုပ်မယ်ဆိုရင် သွားရလာရ အခက်တွေ့နိုင်တယ်” ဟု ပြောသည်။

အလားတူ ကျောက်ချောင်းတိုက်နယ်၊ ဟုံးတိုက်နယ်နှင့် လေးတောင်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့မှာ ရေဘေးဒဏ် ကြုံတွေ့ခဲ့ရပြီး လမ်းတံတား ပျက်စီးမှုများ ရှိနေသည်။

လေးတောင်တိုက်နယ်အတွင်းရှိ မရွတ်ချွိန်ကျေးရွာတွင်လည်း ဝါးတံတားအချို့ ပျက်စီးသွားခဲ့ပြီး၊ ကျောက် ချောင်း တိုက်နယ်အတွင်းရှိ ဦးကာတောင်တစ်ဝိုက်တွင် မြေပြိုမှုများဖြစ်ပွားကာ လမ်းပိုင်းပျက်စီးမှုများကြောင့် သွားလာရေး အဆင်မပြေဖြစ်နေသည်။

ရခိုင်ပြည် အတွင်း ဇူလိုင်လ ပထမပတ်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြို့နယ် ၁၀ မြို့နယ်ထက် မနည်းတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် လမ်းတံတား ပျက်စီးမှုများကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါမြို့နယ်များ၌ ရေများ ပြန်လည်ကျဆင်းသွားသော်လည်း ပျက်စီးသွားသည့် လမ်းတံတားများ ကို အရေးပေါ် ပြန်လည်ပြုပြင်ရန် လိုအပ်နေပြီး၊ ရေဘေးသင့်ဒေသခံများအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ နှင့် အမိုးအကာ စသည့် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။

ဓာတ်ပုံ - ရမ္မာမြေ စစ်ဘေးကူညီရေးအဖွဲ့

July 14, 2026
ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက်...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...