ထားဝယ်စီးပွားရေးဇုန်အနီးရှိ ရွာများတွင် စစ်တပ် ဝင်ရောက်တပ်စွဲထားဆဲဖြစ်

ထားဝယ်စီးပွားရေးဇုန်အနီးရှိ ရွာများတွင် စစ်တပ် ဝင်ရောက်တပ်စွဲထားဆဲဖြစ်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းများသည် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့အထိ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားဆဲ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်တပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်ရှိ လုံခြုံရေးစခန်းအတွင်း အင်အားဖြည့်တင်းပြီးနောက်၊ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှစ၍ အနီးဝန်းကျင်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်ဝင် ရောက်လာခြင်း ဖြစ်သည်။

အင်အား ၆၀၀ ကျော်ရှိသည့် အဆိုပါစစ်ကြောင်းများသည် စီးပွားရေးဇုန်အနီးရှိ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင် စသည့် ကျေးရွာ ၁၀ ရွာနီးပါးတွင် ရောက်ရှိနေကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အင်အားကတော့ ၆၀၀ ဝန်းကျင်လောက် ရှိတယ်။ အဲအင်အားက တပ်မအဆင့်နီးနီးလောက် ရှိတယ်။ နဘု လယ်ဒေသက စီးပွားရေးဇုန်အနီးမှာ ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အပြီးရှင်းလင်းမဲ့ သဘောပေါ့။ ၂၀၂၇၊ ၁ လပိုင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်းကို သူတို့ဘက်က စအကောင်အထည်ဖော်မယ်လို့ သိထားတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ကျေးရွာများအတွင်း စစ်တပ်က ဝင်ရောက်တပ်စွဲထားသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များဘက်က ဆုတ်ခွာပေးထားသဖြင့် လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း ကျေးရွာများအတွင်း ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းများသည် နေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့်အပြင် မီးရှို့ဖျက်ဆီးမှုများပါ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့က အခုထိလည်း ရှိနေတုန်းပဲ။ ဝဇွမ်းတောနဲ့ ဧကနိရွာထဲက နေအိမ်တွေကို သူတို့မီးရှို့ဖျက်ဆီးထားတာ ရှိတယ်။ အလုံးရေ အရေအတွက်ကတော့ ကျနော်တို့က အတိအကျ မပြောနိုင်သေးဘူး။ သူတို့က သာလွန် အင်အားနဲ့ ဖြစ်နေလို့ အခြေအနေအရ တော်လှန်ရေးအဖွဲ့တွေက စောင့်ကြည့်နေရတဲ့ အနေအထားပဲ ရှိသေး တယ်” ဟု ပြောသည်။

စစ်တပ်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်သူက ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာမြောက် စီမံကိန်းများနှင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များကို ထိရောက်စွာ ရှင်းလင်းသွားမည်ဟု ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် နေ့တွင် ပြောဆိုထားသည်။

ထိုသို့ ပြောဆိုပြီးနောက် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွင် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာသည့်အပြင်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ များကိုပါ ချေမှုန်းရှင်းလင်းရန် စစ်အုပ်စုဘက်က ကြိုးပမ်းလာခြင်းဖြစ်သည်။

လက်ရှိ တပ်စွဲထားသည့် ကျေးရွာများအတွင်းရှိ ဒေသခံအမျိုးသား ၃၀ ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေပြီး ယင်းအခြေအနေကို လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) အနေ ဖြင့် ဆက်လက်အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးကျေးရွာသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူ ၂,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည်။

July 16, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်...
July 15, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် တစ်ရက်တည်း၌ ဖမ်းဆီးခြင်းခံခဲ့ရသည့်...
July 14, 2026
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသော ဒေသများတွင် နေထိုင်သည့် အရပ်သား...
July 14, 2026
ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဇမိမြစ်ရေသည် ဆက်တိုက်မြင့်တက်လာပြီး ရေစီးသန်နေသော...