မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည် သွားလာနိုင်ပြီ ဖြစ်သော်လည်း လမ်းတစ်လျှောက်လုံးကို ပုံမှန်အတိုင်း သွားလာနိုင်သည့် အခြေအနေသို့ ရောက် ရှိခြင်း မရှိသေးကြောင်း အဆိုပါလမ်းကို အသုံးပြုနေသည့် ယာဉ်မောင်းအချို့က ပြောသည်။
ကသာမြို့မှ နဘားဘက်သို့ ယာဉ်များ ခေတ္တဖြတ်သန်းခွင့် ရရှိလာသော်လည်း နဘားလမ်းဆုံတွင် စစ်ဆေးတား ဆီးမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ ပင်ဝယ်ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် လမ်းပိုင်းအားလုံးကို အပြည့်အဝ ဖွင့်လှစ်ထားခြင်း မဟုတ်သေးဘူးဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကသာကနေ နဘားကိုတော့ လာလို့ရတယ်ပေါ့ဗျာ။ ခဏဖွင့်ပေးလိုက်တယ်။ ဒါပေမယ့် နဘားလမ်းဆုံမှာ တော့ တားထားသေးတယ်။ ပင်ဝယ်ဘက်မှာ တိုက်ပွဲဖြစ်လို့တဲ့။ နဘားကနေ စဆင်းတဲ့ကားတွေကတော့ ကသာ အထိရောက်တယ်။ ဒါပေမယ့် လုံးဝကြီးပွင့်ပြီလို့တော့ ပြောလို့မရသေးဘူး။ စောင့်ကြည့်ရဦးမယ်” ဟု ၎င်းယာဉ်မောင်းက ပြောသည်။
မန္တလေး - မြစ်ကြီးနားလမ်းကို စစ်တပ်က ပြီးခဲ့သည့် မေလအတွင်း ပြန်လည်ဖွင့်လှစ်ထားကြောင်း ကြေညာခဲ့ သော်လည်း၊ နောက်ပိုင်းတွင် ကသာ၊ နဘား၊ အင်းတော်နှင့် ပင်ဝယ်တစ်ဝိုက်၌ တိုက်ပွဲများ ပြန်လည် ပြင်းထန် လာသောကြောင့် လမ်းပိတ်ဆို့မှုများ ထပ်မံကြုံတွေ့ရခြင်း ဖြစ်သည်။
လက်ရှိ လမ်းအခြေအနေမှာ လုံးဝအန္တရာယ်ကင်းရှင်းသည့် အနေအထားမဟုတ်သေးသော်လည်း တိုက်ပွဲဖြစ်ပွား နေသည့် နေရာများကိုသာ ပိတ်ဆို့ထားပြီး ခရီးသွားများကို အန္တရာယ်နည်းပါးသည့် လမ်းပိုင်းများမှ ဖြတ်သန်း ခွင့်ပြုနေခြင်း ဖြစ်သည်။
“လုံခြုံရေးအန္တရာယ်တော့ရှိတယ်။ အရမ်းကြီး စိုးရိမ်ရတာမျိုးတော့ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေက ဖြစ် တယ်။ မဖြစ်တဲ့နေရာတွေက မဖြစ်ဘူး။ ခရီးသွားတွေအတွက်တော့ အန္တရာယ်ကင်းတဲ့နေရာကနေ ပိတ် ပေးတယ်” ဟု ၎င်းက မြေပြင်အခြေအနေကို ဆက်လက်ပြောဆိုသည်။
လမ်းပိတ်ဆို့မှုကြောင့် ပြန်လှည့်လာသည့် အိမ်စီးမော်တော်ယာဉ် ငါးစီးရှိခဲ့ရာတွင် သုံးစီးခန့်ကို နောက်ပိုင်း၌ ပြန်လည်ဖြတ်သန်းခွင့် ပြုခဲ့သော်လည်း၊ အဆိုပါယာဉ်များသည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးအထိ ရောက်ရှိသွားခဲ့ကြောင်း ဆိုသည်။
ယာဉ်မောင်းတစ်ဦးက “ကျနော်ရှေ့မှာ လမ်းပိတ်လို့ ပြန်လိုက်လာတဲ့ အိမ်စီးကား ငါးစီးရှိတယ်။ အဲဒီထဲက သုံးစီးလောက်တော့ ပြန်လွှတ်လိုက်တယ်။ ဒါပေမယ့် သေနတ်ပစ်ခတ်မှုတွေရှိတဲ့ တိုက်ပွဲကြားထဲအထိတော့ ရောက်သွားသေးတယ်” ဟု ပြောသည်။
မန္တလေး - မြစ်ကြီးနားလမ်းမကြီးသည် ကချင်ပြည်နှင့် အထက်မြန်မာပြည်ကို ဆက်သွယ်ထားသည့် အရေးကြီး သော ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်သည်။
ယခုနှစ်အတွင်း လမ်းပိုင်းများ မကြာခဏ ပိတ်ဆို့ခဲ့ခြင်းကြောင့် ကုန်တင်ယာဉ်များ ရက်ပေါင်းများစွာ ပိတ်မိခြင်း၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် ခရီးသွားပြည်သူများ အခက်အခဲမျိုးစုံ ကြုံတွေ့နေရခြင်း ဖြစ်သည်။
လက်ရှိတွင် ကသာ - နဘားကြား လမ်းပိုင်း၌ ယာဉ်အချို့ သွားလာနိုင်ပြီ ဖြစ်သော်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သောကြောင့် မန္တလေး - မြစ်ကြီးနား လမ်းတစ်လျှောက်လုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် နိုင်မည့် အခြေအနေကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။







