ရေးမြောက်ပိုင်းတွင် စစ်တပ်၏ ဖမ်းဆီးရိုက်နှက်မှုများကြောင့် ဒေသခံများ စိုးရိမ်

ရေးမြောက်ပိုင်းတွင် စစ်တပ်၏ ဖမ်းဆီးရိုက်နှက်မှုများကြောင့် ဒေသခံများ စိုးရိမ်

မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်နေပြီး၊ လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေ ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ပထမပတ်အတွင်း အာယုတောင်ကျေးရွာနှင့် တောင်ဘုံကျေးရွာချင်းဆက် လမ်းပိုင်းတွင် လုံခြုံရေး ယူထားသည့် စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များက တောင်ဘုံဒေသခံ လူလတ်ပိုင်းအရွယ် အမျိုးသား ၃ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဖမ်းဆီးခံရသူ ၃ ဦးအနက် ၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ကျန်အမျိုးသားတစ်ဦးမှာ အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်သွားတာက အာယုတောင်ရွာနဲ့ တောင်ဘုံသွားတဲ့လမ်းပိုင်းမှာ။ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်တစ်စီး၊ နောက်တစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့လာတာကို စစ်တပ်က သံသယဝင်လို့ ဖမ်းလိုက်တာ။ ပုံမှန်ဆိုရင် အဲ့ဒီ လမ်းပိုင်းမှာ သူတို့အမြဲတမ်း လုံခြုံရေးတင်းကျပ်ထားတာ” ဟု ရေးဒေသခံတစ်ဦးက IMNA သို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှစ၍ ရေးမြို့ပေါ်အပါအဝင် အာယုတောင်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာချင်းဆက် လမ်းပိုင်းများ၊ လမ်းဆုံလမ်းခွများတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ကာ နေ့စဉ်စစ်ဆေးမှုများကို တင်းကျပ်စွာ ပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် အာယုတောင်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် ရွာဝင်၊ ရွာထိပ်များ၌ ကင်းပုန်းဝပ်ခြင်းနှင့် လုံခြုံရေးတိုးမြှင့်ချထားခြင်းများကြောင့် ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်နေရသည်။

“သူတို့ (စစ်တပ်) က လုံခြုံရေးတွေရော၊ စစ်ဆေးမှုတွေရော မလုပ်တာကြာပြီ။ အခုတလောမှ ပြန်ဖြစ်လာ တာ။ အားလုံးလည်း သွားရလာရမှာ ကြောက်နေကြတယ်။ အာယုတောင်မှာဆိုရင် ပြည်သူစစ် လင်းဦးက ရွာအနီးက လယ်တွေအများကြီး ဝယ်ထားတယ်။ အဲဒီနေရာမှာလည်း ကင်းစောင့်နေကြတယ်” ဟု အခြား ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ဇူလိုင်လ ပထမပတ်အတွင်း အင်အား ၂၀ နှင့် ၃၀ ကြားရှိသည့် စစ်တပ် စစ်ကြောင်းသည် ဝယ်ရဟိုင်း ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

အဆိုပါစစ်ကြောင်းသည် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဆုတ်ခွာသွားခြင်း မရှိသည့်အပြင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူ များမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...