အစင်ကျေးရွာ ပစ်ခတ်မှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

အစင်ကျေးရွာ ပစ်ခတ်မှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအဝင် လုံခြုံရေးဂိတ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တို့၏ လိုက်လံပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က ဆိုင်ကယ်နှစ်စီးဖြင့် လိုက်ပါစီးနင်းလာသည့် လူငယ် ၄ ဦးကို အစင်ကျေးရွာအဝင် လုံခြုံရေးဂိတ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့က ရပ်ခိုင်းသည်ကို မရပ်ပေးဘဲ မောင်းပြေးသည့်အတွက် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သည်။

ထိုသို့ ပြည်သူ့စစ်တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ်ဝန်းကျင် လမ်းသွားကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျည်ထိမှန်သွားခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ဆေးသမားကို လိုက်ဖမ်းတယ်လို့ ပြောတယ်။ ဆေးသမားတွေမှာလဲ သေနတ်ပါတယ်။ အဲတော့ သူပစ်ကိုယ်ပစ် နှစ်ဖက်ပစ်ခတ်မှု ပုံစံလို ဖြစ်သွားတယ်လို့ ဂိတ်ကလူတွေ ပြောတာပဲ။ ဖြစ်ချင်တော့ အဲလမ်းဘေးက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို သွားမှန်သွားတယ်။ တင်ပါးကျည်ဖောက်ဝင် ဒဏ်ရာ ပြင်းထန်ရသွားတယ်။ လောလောဆယ် ကောင်မလေးက အခြေအနေမကောင်းဘူး။ စိုးရိမ်ရအခြေအနေ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို လူမှုကယ်ဆယ်ရေးအသင်းတို့က ရေးမြို့၊ ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့၏ လိုက်လံဖမ်းဆီးပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် လူငယ် ၄ ဦးအနက် တစ်ဦးကို ပြည်သူ့စစ်အဖွဲ့တို့က ဖမ်းဆီးရမိပြီး ကျန်လူငယ် ၃ ဦးက ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လကလည်း အစင်ကျေးရွာထိပ်တံတား လုံခြုံရေးဂိတ်တွင် ဆိုင်ကယ်ရပ်ခိုင်းသည်ကို မရပ်ပေးဘဲ မောင်းပြေးသွားသည့် အမျိုးသားတစ်ဦး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့၏ လိုက်လံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လက အစင်ကျေးရွာထိပ်တံတားရှိ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးကို ဆိုင်ကယ်စီး သေနတ်သမားတို့က အနီးကပ်ပစ်သတ်လုပ်ကြံခံရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

March 28, 2026
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် ရေနံနှင့် လောင်စာဆီ အကျပ်အတည်း...
March 27, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မြဝတီကုန်သွယ်ရေးဇုန်နှင့် အာရှလမ်းပိုင်း...
March 26, 2026
“ကျနော်ကလေး မွန်စကားမတတ်မှာစိုးလို့ သင်ပေးတာကနေ စာသင်ခန်းတစ်ခု ဖြစ်လာတာ” ဒါကတော့...
March 26, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် တရုတ်နိုင်ငံသားများ ဦးဆောင်သည့်...