အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများတွင် လေကြောင်းရန် အဆိုးရွားဆုံးဖြစ်နေ

အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများတွင် လေကြောင်းရန် အဆိုးရွားဆုံးဖြစ်နေ

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသော ဒေသများတွင် နေထိုင်သည့် အရပ်သား ပြည်သူများသည် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအန္တရာယ် အမြင့်ဆုံး အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

မြန်မာအင်တာနက်ပရောဂျက်အဖွဲ့ (MIP) ၏ ဧပြီလမှ ဇွန်လအထိ သုံးလပတ်မှတ်တမ်းအရ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၀ ကြိမ် ဖြစ်ပွားခဲ့ရာ အရပ်သား ၃၁၄ ဦး အနည်းဆုံး သေဆုံးခဲ့ရကြောင်း ထုတ်ပြန် ထားသည်။

အဆိုပါ သေဆုံးမှု အားလုံး၏ ၉၅ ရာခိုင်နှုန်းခန့်သည် အင်တာနက် ဖြတ်တောက်ခံထားရသော ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါသေဆုံးသူများထဲ၌ အမျိုးသမီး ၅၈ ဦး၊ ကလေးငယ် ၄၁ ဦးနှင့် သက်ကြီးရွယ်အို ၁၅ ဦး အနည်းဆုံး ပါဝင်နေသည်။

စစ်တပ်သည် နယ်မြေပြန်လည်စိုးမိုးရေး၊ နိုင်ငံရေးအရ တရားဝင်မှုရရှိရေးနှင့် စစ်ရေးအရ အနိုင်လိုမှု စသည့် ဘက်ပေါင်းစုံအတွက် အင်တာနက်ဖြတ်တောက်မှုများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုကို အလွန်အကျွံ သုံးစွဲနေခြင်း ဖြစ်ကြောင်း MIP မှ ပြောရေးဆိုခွင့်ရှိသူ  ကိုသစ်ဉာဏ်က  ပြောသည်။

၎င်းက “အဲလို ဘက်ပေါင်းစုံအတွက် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ဖို့ကို အင်တာနက် Shut Down တွေလုပ်တယ်။ အဲဒါကြောင့် အင်တာနက်ပြတ်တောက်မှုကြောင့် သေဆုံးမှုက ၉၅ ရာခိုင်နှုန်းအထိ ရှိနေတယ်။ အစီရင်ခံစာမှာလည်း ကျနော်တို့ သိရတာထက်ပိုတဲ့ အခြေအနေတွေ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖုန်းလိုင်းနှင့် အင်တာနက်ရရှိမှု ခက်ခဲသည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအပါအဝင် မွန်ဒေသ ၌ ပြီးခဲ့သည့် ၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

စစ်တပ်သည် နေ့ခင်းဘက်တွင် ကင်းထောက်ပျံသန်းပြီး ညသန်းခေါင် ပြည်သူများ အိမ်မောကျချိန်တွင် ဝင်ရောက်တိုက်ခိုက်သည့် နည်းဗျူဟာကို ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများတွင် လူမှုရေးဆိုင်ရာ သက်ရောက်မှုများနှင့်အတူ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ပိုမိုများပြားလာနေသည်။

ကိုသစ်ဉာဏ်က “ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ပိုများလာတယ်။ ခေါင်းပြားအောင်လည်း မအိပ်နိုင် ကြပါဘူး။ လွတ်လပ်လုံခြုံစွာ အလုပ်အကိုင် မလုပ်နိုင်ဘူး။ ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာ မပြောနိုင်လို့ ပေါ့နော်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ (IMNA) သို့ ဆက် ပြောသည်။

လေကြောင်း တိုက်ခိုက်ခံရသည့် ဒေသများသည် ဆက်သွယ်ရေး ပြတ်တောက်နေသဖြင့် ဗုံးကြဲခံရပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အချိန်မီရရှိရန်ပါ အလွန်ခက်ခဲနေရသည်။

ယခု သုံးလပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အအုံ ၂၂ လုံး၊ ဆေးရုံနှင့် ဆေးခန်း ၇ လုံး၊ စာသင်ကျောင်း ၁၇ ကျောင်း၊ စစ်ဘေးရှောင်စခန်း ၅ ခုနှင့် တံတားတစ်စင်း ပျက်စီးခဲ့ရပြီး၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းကဲ့သို့ အခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမှုကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို ကြီးမားစွာ အဟန့်အတား ဖြစ်စေ ကြောင်း MIP က ထောက်ပြထားသည်။

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အားလုံး၏ ၆၂ ရာခိုင်နှုန်းခန့်မှာ စစ်ရေး ပဋိပက္ခ ပြင်းထန်နေသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ဒေသတို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...