မန္တလေး – မြစ်ကြီးနားလမ်းပိုင်း ကားတစ်စီးကို ၁၀ သိန်းဝန်းကျင်အထိ အခွန်ပေးဆောင်နေရ

မန္တလေး – မြစ်ကြီးနားလမ်းပိုင်း ကားတစ်စီးကို ၁၀ သိန်းဝန်းကျင်အထိ အခွန်ပေးဆောင်နေရ

မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတစ်ကြောင်း ပြေးဆွဲတဲ့ အန်စာတုံးကားတစ်စီးကို  နှစ်ဖက်လက်နက်ကိုင်တပ်ဂိတ်တွေမှာ အခွန် ၁၀ သိန်းဝန်းကျင် ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။

မန္တလေးမြို့ကစတင်ထွက်ခွာချိန် စစ်ကိုင်းတံတားဖြတ်တဲ့အချိန်မှာပဲ စစ်ကောင်စီရဲ့စုပေါင်းဂိတ်ကို ကားအသေးအကြီးပေါ်မူတည်ပြီး ၂ သိန်း ( နှစ်သိန်း) ကနေ သိန်း ၂၀ ( သိန်းနှစ်ဆယ်) ဝန်းကျင်အထိ အခွန်ဆောင်နေရတာဖြစ်ပြီး ကုန်ကားကြီးတွေဆိုရင် လမ်းကြောင်းတစ်ကြောင်းစာအခွန်ခကို သိန်း ၅၀ ဝန်းကျင် ကုန်ကျတယ်လို့ ကားသမားတွေက ဆိုပါတယ်။

“ကုန်ကားကြီးတွေဆို တစ်စီးပဲကို တစ်ကြောင်းစာ လမ်းကြေးက ၅၀ လောက်ကျတယ်။ ဆီဖိုးအပါဆိုရင် ၁၀၀ လောက်ကျတယ်။ မန္တလေး–မြစ်ကြီးနားဆိုရင်တော့ အိမ်စီးကားက ဆီဖိုးရောအပါအဆိုရင် ၁၅ သိန်းလောက်ကုန်တယ်။ အန်စားတုံးလို ကားလေးဆိုရင် သိန်း ၂၀ လောက်ကုန်တယ်။ လမ်းကြေးကြီးပဲကို တစ်ဝက်လောက်ရှိတယ်။ အခုထားပါတော့ လမ်းစရိတ် သိန်း၂၀ ကျတယ်ဆို လမ်းကြေးက ၁၀ သိန်း ဆီဖိုးက ၁၀ သိန်း အဲ့လောက်ကိုကျတာ”လို့ နှစ်ဖက်လက်နက်ကိုင်တပ်တွေဆီ အခွန်ဆောင်နေရတဲ့ငွေကြေးပမာဏကို ကားသမားက ရှင်းပြပါတယ်။

ကာကွယ်ရေးတပ်တွေဘက်ကတော့ ကားအကြီးအသေး နဲ့ တင်ဆောင်လာတဲ့ကုန်ပစ္စည်းပေါ်မူတည်ပြီး ဂိတ်တစ်ဂိတ်မှာ ကျပ် ၃၀၀၀၀ ( သုံးသောင်း) ကနေ ကျပ် ၁၅၀၀၀၀ ( တစ်သိန်းငါးသောင်း)ဝန်းကျင် အထိ ကောက်ခံတယ်လို့ ကားသမားတွေက ပြောပါတယ်။

ကားသမားတွေဟာ တိုက်ပွဲကြောင့် တောလမ်းကိုသာအသုံးပြုရတဲ့အတွက် ခရီးသည်တင်ယာဥ် (express )ကားတွေ မပြေးဆွဲနိုင်တော့ပဲ အိမ်စီးဘန်ကားအသေး၊ အန်စားတုံးကား၊ ခြောက်ဘီးကား၊ ၁၂ဘီးကား များဖြင့်သာ အဓိကပြေးဆွဲနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် လမ်းပိတ်ထားတာ ၄ လကျော်ရှိပြီဖြစ်ပြီး ကားသမားတွေ အသုံးပြုနေရတဲ့လမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဂိတ်တွေရှိပေမဲ့ ကာကွယ်ရေးတပ်တွေရဲ့ဂိတ်ကပိုများတယ်လို့ ဆိုပါတယ်။

မန္တလေး–မြစ်ကြီးနားပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက “ အခုကွင်းလမ်းက တစ်ခြားလက်နက်ကိုင်ဂိတ် တွေပဲများတယ်။ ဒီလမ်းကစစ်တပ်ဂိတ်က သိပ်မရှိဘူး။ အခု ကွင်းလမ်းပိုင်းက မိုးတွင်းလည်းမဟုတ်တော့ ကားတွေလည်းပုံမှန်သွားလို့ရပြီ။ လမ်းလည်းမဆိုးဘူးပေါ့။ ကားတော်တော်များများကသွားနေကြတယ်။ အခွန်ကြောင့်လည်း ကုန်ဈေးနှုန်းက မကျတာ။” လို့ ပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ ကုန်ဈေးနှုန်းတွေမြင့်တက်လာတာဟာ ကုန်အရောင်းအဝယ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေအပေါ်လည်း အများကြီးမူတည်တဲ့အကြောင်း ကားသမားတွေက ထောက်ပြပါတယ်။

မန္တလေး–မြစ်ကြီးနားလမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က ဆားတောင်နယ်၊ ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေ အခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ကားသမားတစ်ဦးက KNG ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ပြောပြခဲ့ပါတယ်။

လက်ရှိတော့ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ခံတဲ့ဂိတ် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ KNG က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

တရုတ်–ကချင်နယ်စပ်ဂိတ် ပိတ်ထားတာကြောင့် တရုတ်ကနေကုန်ပစ္စည်းအဝင်နည်းနေတဲ့အချိန်မှာ ကုန်စီးဆင်းရာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်တဲ့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက အခွန်ကောက်ခံတဲ့ဂိတ်နဲ့ ကောက်ခံတဲ့ငွေကြေးများပြားလာတာဟာ ကချင်ပြည်နယ်ထဲက ဒေသခံသာနစ်နာကြရတယ်လို့ ကားသမားတွေက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကို သိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေးလုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာ ဖြစ်ပါတယ်။

ပုံစာ -  အင်းတော်ကားလမ်းမကြီးတစ်နေရာမှာ သွားလာနေတဲ့ ကုန်ကားအသေး

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...