ကသာတွင် ဇက်ဆိပ်များ တစ်ပတ်ကျော်ကြာပိတ်ထား၍ ကားနှင့် ခရီးသည် ရာချီ ပိတ်မိနေ

ကသာတွင် ဇက်ဆိပ်များ တစ်ပတ်ကျော်ကြာပိတ်ထား၍ ကားနှင့် ခရီးသည် ရာချီ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား သောကြောင့် ခရီးသည်များနှင့် မော်တော်ယာဉ်မောင်းများအပြင်၊ နေ့စဉ် ဇက်ရေယာဉ်ဖြင့် သွားလာနေကြသည့် ဒေသခံပြည်သူများပါ သွားလာရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ မြစ်ကြီးနား - မန္တလေး လမ်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ကြောင့် ကသာ - နဘား လမ်းပိုင်းအပါအဝင် နေရာအများအပြားတွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် ရာနှင့်ချီ၍ ပိတ်မိနေခြင်း ဖြစ်သည်။

ယခင်က မန္တလေး - မြစ်ကြီးနားလမ်းတွင် တိုက်ပွဲများ ပြင်းထန်လာချိန်တိုင်း ကားသမားအချို့သည် ဇက်ကူး လမ်းကြောင်းများကို အသုံးပြု၍ ခရီးဆက်လေ့ရှိသော်လည်း၊ ယခုအကြိမ်တွင် လမ်းပိုင်းများအပြင် ဇက်ဆိပ်များကိုပါ ပိတ်ထားသဖြင့် သွားလာရန် ရွေးချယ်စရာ နည်းပါးသွားကြောင်း ဒေသခံများက ပြောသည်။

ကသာဒေသခံတစ်ဦးက “ဇက်ဆိပ်တွေက စစ်တပ်ကလာပိတ်သွားတာ။ အကြောင်းပြချက်ကတော့ ဘာလဲ မသိဘူး။ ဇက်ဆိပ်တွေပိတ်နေတာ ဒီနေ့ဆို တစ်ပတ်ကျော်ရှိပြီ။ ဘာကြောင့်ပိတ်မှန်းလည်း မသိဘူး။ သေနတ်နဲ့ ၁၀ ချက်လောက်တော့ ပစ်တယ်။ အဲ့ဆိပ်ကမ်းမှာပေါ့။ ဇက်ဆိပ်တွေ တစ်စီးမှမထွက်နဲ့ပေါ့ အဲ့လိုမှာသွားတာ” ဟု KNG သတင်းဌာနသို့ ပြောသည်။

လတ်တလောတွင် ကသာမြို့နယ်အတွင်း ကားသမားများ အဓိကအသုံးပြုနေသည့် ကလုံနှင့် သာဂေရ ဇက်ဆိပ် နှစ်ခုစလုံး ပိတ်ထားသည်မှာ တစ်ပတ်ကျော်ရှိလာပြီဖြစ်ပြီး၊ ဆိပ်ကမ်းနှစ်ဖက်စလုံး၌ ခရီးသည်များ၊ ကုန်တင် ကားများနှင့် ကိုယ်ပိုင်ကားများ ပိတ်မိနေကြသည်။

မော်တော်ယာဉ်မောင်း အချို့မှာ ရက်ပေါင်းများစွာ လမ်းဘေးတွင်ပင် စောင့်ဆိုင်းနေကြရသဖြင့် စားသောက်ရေး အတွက် ဒေသခံများ၏ အကူအညီကို အားထားနေရသည်။

အဆိုပါ ကလုံနှင့် သာဂေရ ဇက်ဆိပ်များသည် မြစ်ကြီးနား - မန္တလေးလမ်းကို အသုံးပြုသည့် ကားသမားများ အတွက် အလွန်အရေးပါသော မြစ်ကူးလမ်းကြောင်း ဖြစ်သည်။

အထက်ပါ ဒေသခံတစ်ဦးက “ဒီဘက်မှာက ကားသမားတွေအားကိုးရတဲ့ ဇက်ဆိပ်က နှစ်ခုရှိတယ်။ ကလုံနဲ့ သာဂေရ။ ကလုံကတော့ မြစ်ကြီးနားနဲ့ တစ်ရိုးတည်း။ အင်းရွာကတော့ အရှေ့ဘက်ခြမ်း ဗန်းမော်နဲ့ တစ်ရိုး တည်း။ မြစ်ကြီးနား ကားတွေဆို အင်းရွာကနေ ကလုံကိုကူး၊ ပြီးရင် ကသာထိပ်ကိုသွားလိုက်ရင် မြစ်ကြီးနားကို သွားတဲ့လမ်းပဲ” ဟု ဆက် ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကသာမြို့နှင့် လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ၊ လူမှုကူညီရေးအဖွဲ့များနှင့် ဘာသာရေးအဖွဲ့အစည်းများက ပိတ်မိနေသည့် ခရီးသည်များနှင့် ကားသမားများကို နေ့စဉ် ထမင်းချက် ကျွေးခြင်းနှင့် သောက်ရေဝေငှခြင်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြသည်။

လက်ရှိတွင် နဘား - ကသာ လမ်းပိုင်းတစ်လျှောက် စစ်ရေးတင်းမာမှုများကြောင့် လမ်းခရီးနှင့် ဧရာဝတီမြစ်ကူး ဇက်ဆိပ်များ ပိတ်ဆို့နေသဖြင့် ကချင်ပြည်နှင့် အထက်မြန်မာပြည်ကို ဆက်သွယ်ထားသည့် အဓိက ကုန်စည် စီးဆင်းမှုများ ပိုမိုနှောင့်နှေးကြန့်ကြာလာပြီး၊ ကချင်ပြည် အတွင်း၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လျက်ရှိသည်။

July 15, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည်...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...