ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင် တိုက်ပွဲများ လည်း ဆက်လက်ဖြစ်ပွားနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်ကတည်းက ခေါင်လန်ဖူးမြို့နယ်၊ အမတ်ဂျုံးကျေးရွာအနီးတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များအကြား စစ်ရေးစတင်တင်းမာလာခဲ့ပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန် လာခြင်းဖြစ်သည်။
ခေါင်လန်ဖူးတိုက်ပွဲအတွင်း စစ်တပ်၏ ကာကင်းတပ်စခန်းအချို့ကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း ရှေ့တန်းသတင်းများက ဆိုသည်။
အလားတူ ရွှေကူမြို့နယ်အတွင်း၌လည်း ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်တပ်နှင့် KIA တပ်ဖွဲ့တို့အကြား နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
“အမှန်က ဟိုတစ်ခါဆုတ်သွားတဲ့စစ်ကြောင်းထဲက တစ်ကြောင်းကျန်နေခဲ့တာ။ အဲဒီစစ်ကြောင်းက ငအိုးဘက် ကို ထိုးစစ်ပြန်ဆင်လာလို့ တိုက်ပွဲဖြစ်တာဟုတ်တယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်တပ်သည် ပြီးခဲ့သည့် ဇွန်လကတည်းက KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ရွှေကူ - ဗန်းမော်လမ်းနှင့် ရွှေကူ - ငအိုးလမ်းပိုင်းဘက်သို့ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း KIA ပူးပေါင်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အများစုမှာ ရွှေကူမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားရကြောင်း ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
သို့သော်လည်း မန်နားလေးကျေးရွာနှင့် ခတ်ခုံကျေးရွာကြားတွင် စစ်တပ်စစ်ကြောင်းတစ်ခု ကျန်ရှိနေခဲ့ပြီး ၎င်းစစ်ကြောင်းက ထပ်မံထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
ထို့ပြင် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖားကန့်ဘက်ရှိ KIA တပ်မဟာ ၆ နယ်မြေဘက်သို့ စစ်တပ်က လေကြောင်းမှ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
ယခု လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ်တစ်လုံး ထိခိုက်ပျက်စီး သွားခဲ့ကြောင်း ဖားကန့်ဒေသခံများက ပြောသည်။
ဖားကန့်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက “ဒီရက်ပိုင်း တိုက်ပွဲတော့မရှိဘူး ဒါပေမယ့် လေကြောင်းနဲ့ လာပစ်တာတော့ရှိတယ်။ ကျနော်တို့ သိရသလောက်တော့ ဆယ်ဇင်းဘက်မှာတော့ နှစ်ဖက်စစ်ရေး ပြင်းထန်နေ တယ်” ဟု ပြောသည်။
စစ်တပ်သည် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့နောက်ပိုင်းမှစ၍ ကချင်ဒေသအတွင်း စစ်အင်အားနှင့် လက်နက် ရိက္ခာများကို ဆက်တိုက်ဖြည့်တင်းလာပြီး စစ်ရေးလှုပ်ရှားမှုများကို သိသိသာသာ တိုးမြှင့်ကာ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် KIA တပ်မဟာ ၁၂ နယ်မြေအတွင်းရှိ နယ်မြေ ၆ ခုတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တို့အကြား စစ်ရေးတင်းမာမှုများ ဆက်တိုက်ရှိနေကြောင်း KIO/KIA ဘက်ကလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန် ထားသည်။
ကချင်ပြည်အတွင်း စစ်ရေးတင်းမာမှုများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့ပြီး KIA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။
အထူးသဖြင့် ၂၀၂၄ ခုနှစ်အတွင်း KIA ပူးပေါင်းတပ်များက ကချင်ဒေသအတွင်း စစ်ရေးအရ အရေးပါသည့် နေရာအချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း အင်အားဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်မှု များကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင်လည်း မြစ်ကြီးနား - ဗန်းမော် - ရွှေကူ လမ်းကြောင်း၊ ဖားကန့်နှင့် ပူတာအိုမြို့နယ်အပါအဝင် ကချင် ပြည်အတွင်းရှိ နယ်မြေအချို့တွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသဖြင့် တိုက်ပွဲများ၊ လေကြောင်း တိုက်ခိုက်မှုများနှင့် စစ်ရေးတင်းမာမှုများက ဆက်တိုက်ဖြစ်ပေါ်နေသည်။







