ကချင်စစ်ဘေးရှောင်အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း လိုအပ်နေ

ကချင်စစ်ဘေးရှောင်အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း လိုအပ်နေ

ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့် အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးနေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံများက ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းမီကာလက ကချင်ဒေသရှိ စစ်ဘေးရှောင် အမျိုးသမီးများအတွက် အရပ်ဘက် အဖွဲ့အစည်းများက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပံ့ပိုးကူညီပေးခဲ့သော်လည်း၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုသို့သော ထောက်ပံ့မှုများ သိသိသာသာ လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။

“အရင်ကဆို လက်မှုပညာလုပ်တတ်အောင် ကူညီသင်ပေးတာ၊ ဆပ်ပြာလုပ်တာ အစရှိတဲ့ အလုပ်မျိုးပေါ့။ အခုတော့ အဲ့လို အခွင့်အလမ်းတွေလည်း အရမ်းနည်းသွားတယ်။ အဓိကတော့ စစ်ရှောင်အမျိုးသမီးတွေ လုံလုံ ခြုံခြုံနဲ့ အလုပ်လုပ်နိုင်မယ့် အသက်မွေးဝမ်းကျောင်း အလုပ်လိုမျိုးပေါ့” ဟု ဂွေထုရှိ စစ်ဘေးရှောင်စခန်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အကူအညီထောက်ပံ့မှုများ လျော့နည်းလာရခြင်းမှာ စစ်တပ်၏ ခရီးသွားလာခွင့်နှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ဝင်ရောက်ခွင့်အပေါ် တင်းကျပ်ကန့်သတ်မှုများကြောင့် ဖြစ်ကြောင်း ဂွေထုရှိ စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောသည်။

ထို့ပြင် ဝိုင်းမော်မြို့တွင် နေထိုင်သည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကလည်း “ကျမတို့ ဒီအခြေအနေမှာ ဘယ်မှသွားလို့မရ အဖက်ဖက်ကနေ ခက်ခဲတာပေါ့။ ဖြစ်နိုင်လို့ရှိရင် အိမ်ထဲမှာပဲနေပြီး လုပ်လို့ရနိုင်မယ့် အလုပ် မျိုး ကူညီပေးတဲ့သူရှိရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အပြင်သွားဖို့ကလည်း လုံခြုံရေးကရှိသေးတာ ဆိုတော့ လေ” ဟု ပြောသည်။

အလားတူ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် အမျိုးသမီး များသည် အမျိုးသားများထက် အလုပ်အကိုင်ရရှိနိုင်မှုနှင့် ဝင်ငွေရရှိမှု အခွင့်အလမ်း ပိုမိုလျော့နည်းလာကြောင်း UNDP နှင့် UN Women တို့က မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထောက်ပြထားသည်။

‘Uneven Burdens: Women in Myanmar’s Crisis Economy’ အမည်ရှိ အဆိုပါ ပူးပေါင်းအစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့်သည် ကိုယ်ပိုင်ဝင်ငွေမရှိကြဘဲ၊ ထိုအချိုးအစားမှာ အမျိုးသားများ ထက် ပိုမိုများပြားနေကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် ကျေးလက်နှင့် ပဋိပက္ခဒေသများရှိ အမျိုးသမီးများသည် မိသားစုအတွက် ဝင်ငွေရှာဖွေရသည့် တာဝန်များအပြင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်း၊ အိမ်မှုကိစ္စများကို တာဝန်ယူခြင်း စသည့် ဝန်ထုပ်ဝန်ပိုးများကိုပါ ပူးတွဲထမ်းဆောင်နေကြရသည်။

ထိုသို့သော အခြေအနေများကြောင့် အမျိုးသမီးများသည် အလုပ်အကိုင်ရရှိရေးနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေး တို့တွင် အမျိုးသားများထက် အခက်အခဲ ပိုမိုကြုံတွေ့နေရကြောင်း အစီရင်ခံစာက ထောက်ပြသည်။

ထို့ပြင် ပဋိပက္ခဒေသများအတွင်း လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုများကလည်း အမျိုးသမီးများ၏ အလုပ် လုပ်ကိုင်နိုင်စွမ်းကို သိသိသာသာ ကန့်သတ်နေသည်။

အမျိုးသမီးများသည် အလုပ်သွားလာရာ လမ်းကြောင်းများတွင် လုံခြုံမှုမရှိခြင်း၊ စစ်ရေးအခြေအနေကြောင့် နေရပ်ရွှေ့ပြောင်းနေရခြင်းနှင့် စီးပွားရေးလုပ်ငန်းစတင်ရန် အရင်းအနှီးမရှိခြင်းတို့ကြောင့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများတွင် ရေရှည်ရပ်တည်နိုင်ရန် စိန်ခေါ်မှုများစွာ ရှိနေသည်။

ထို့ကြောင့် ပဋိပက္ခကာလအတွင်းသာမက ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း အမျိုးသမီးများအတွက် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ငွေကြေးအရင်းအနှီး ရယူနိုင်ခွင့်နှင့် အသက်မွေးဝမ်း ကျောင်း အထောက်အပံ့များကို ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်းထားသည်။

July 15, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည်...
July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...