နောင်းချိန်းကျေးရွာအုပ်စုအတွင်းက စစ်ရှောင်ကလေး အယောက် ၄၀၀ လောက် စာသင်နှစ်ဝက်ကျော်လာတဲ့အထိ ကျောင်းမတက်နိုင်သေး

နောင်းချိန်းကျေးရွာအုပ်စုအတွင်းက စစ်ရှောင်ကလေး အယောက် ၄၀၀ လောက် စာသင်နှစ်ဝက်ကျော်လာတဲ့အထိ ကျောင်းမတက်နိုင်သေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ရှောင်ကလေးအယောက် ၄၀၀ လောက်ဟာ ဒီနှစ်ရဲ့ စာသင်နှစ်ဝက်ကျော်ပြီဖြစ်ပေမဲ့ ကျောင်းမတက်နိုင်သေးဘဲ စာသင်နှစ်တစ်နှစ် နစ်နာမယ့်အရေး ကြုံနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စာသင်ခန်းမရှိတော့တဲ့အတွက်ကြောင့် ကျောင်းသားလက်မခံတော့တာ ကြုံရတဲ့အပြင် ရွေးချယ်ထားတဲ့ ဘာသာရပ်တွေ မရှိတာကြောင့်လည်း တစ်ချို့ကလေးတွေ ကျောင်းမတက်နိုင်တာ ဖြစ်တယ်လို့ နောင်းချိန်းကျေးရွာမှာ ရှောင်တိမ်းနေတဲ့ စစ်ရှောင်ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

"တစ်နှစ်တော့ နစ်နာသွားရပြီ။ သူတို့လည်း အရမ်းတော့စိတ်မကောင်းဘူး ဟုတ်တယ်။ ဒါပေမဲ့ မင်းတို့တွေစိတ်မကောင်းလည်း အမေက ဒီလောက်အထိ မတတ်နိုင်ဘူးလို့၊ ဝမ်းမနည်းနဲ့လို့ ပြောပေမဲ့ ပညာရတာမျိုး တစ်ခုခု တက်ခိုင်းပါလားဆိုပြီး တောင်းဆိုနေတာဟုတ်တယ်။" လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကတော့ လွန်ခဲ့တဲ့ ဇွန်လက စစ်ရှောင်စခန်းတိုင်းက ကလေးတွေအဆင့်သင့်ဖြစ်တဲ့အချိန် ဘယ်နေရာမှာပဲနေနေ ရှိတဲ့နေရာမှာ အားလုံးကျောင်းတက်ခွင့်ပြုမှာဖြစ်ပြီး ဘယ်အချိန်တက်တက် လက်ခံအောင်ပြောထားတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေဆိုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အထက်ပါ နောင်းချိန်းစစ်ရှောင်ကလေးတွေကတော့ အခုအချိန်ထိ ကျောင်းတက်နိုင်ရေး မရေရာသေးတဲ့ အခြေအနေပါ။

နောင်းချိန်းကျေးရွာအုပ်စုအတွင်းက စစ်ရှောင်စခန်းတွေမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ကလေးတွေအားလုံး ကျောင်းတက်နိုင်ဖို့နဲ့ ကျောင်းအပ်လက်ခံနိုင်ဖို့အတွက် စာသင်ခန်းမဆောင် မလုံလောက်တာကြောင့် တိုးချဲ့ဆောင်တွေဆောက်လုပ်ပေးဖို့ တောင်းဆိုထားတယ်လို့ နောင်းချိန်းကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

"ကျောင်းခန်းကမလောက်ဘူး။ အစိုးရ(ပြည်နယ်ကောင်စီ)ကို တင်ပြရင်လည်း ဝန်ကြီးချုပ်က လုပ်ပေးမယ်၊ ကျောင်းဆောင်ထပ်မံတိုးချဲ့ ဆောက်လုပ်ပေးမယ်ဆိုပြီး ဒီနေ့အထိတော့ ဘာမှလာမလုပ်ပေးသေးဘူး။" လို့ အထက်ပါရပ်မိရပ်ဖက ဆိုပါတယ်။

ကျောင်းတက်ရောက်နေတဲ့ ကလေးတွေအနေနဲ့လည်း မနက်ပိုင်းနဲ့ ညနေပိုင်း ခွဲသင်နေကြရတဲ့အပြင် စာသင်ခန်းတစ်ခန်းမှာ သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေ( ၄၀ ဦးခန့်)ထက် နှစ်ဆလောက်များတဲ့ ကလေးတွေကို စာသင်ကြားပေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒါကြောင့် ကျောင်းတက်နေတဲ့ ကလေးအယောက် ၁,၀၀၀ လောက်မှာ အသက် ၁၀ နှစ်နဲ့ ၁၄ နှစ်ကြား ကလေးအယောက် ၄၀၀ လောက် ကျောင်းမသွားချင်တော့ဘဲ ကျောင်းပြေးတာတွေ လုပ်နေကြတယ်လို့လည်း သိရပါတယ်။

မနက်၊ ည ကျောင်းခွဲတက်စရာမလိုအောင် နောင်းချိန်းအထက်တန်းကျောင်းဝင်းအတွင်း ဝါးထံရံကာပြီး မိုးကာအမိုးနဲ့ဖြစ်ဖြစ် စာသင်ခန်းတွေဖွဲ့ပြီးတော့ ကလေးတွေအားလုံး ကျောင်းတက်နိုင်အောင် စီစဉ်ပေးစေလိုကြောင်း စစ်ရှောင်စခန်းကော်မတီအဖွဲ့က တောင်းဆိုပါတယ်။

နောင်းချိန်းကျေးရွာက အထက်တန်းကျောင်းမှာ မူလတန်းကနေ အထက်တန်းအထိ၊ ဒေသခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေအပါ ကျောင်းတက်နေတဲ့ကလေးတွေ အားလုံး အယောက်၂,၀၀၀ ကျော်ရှိပေမဲ့ စစ်ရှောင်စခန်းအတွင်းက ကျောင်းသူကျောင်းသားအယောက် ၄၀၀ နီးပါးကတော့ အခုချိန်ထိ ကျောင်းမတက်နိုင်သေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဝိုင်းမော်မြို့ရဲ့ တောင်ဘက်ခြမ်း၊ ဧရာဝတီမြစ်တစ်လျှောက်ရှိကျေးရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရတာပါ။

ဒါ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ က ဒေသခံတွေအပါ မြို့အရှေ့ဘက် ဝိုင်းမော် – ဝါရှောင် လမ်းတစ်လျှောက် ကျေးရွာတွေဘက်က ဒေသခံတချို့လည်း တိမ်းရှောင်နေကြရပါတယ်။

အထက်ပါ စစ်ရှောင်တွေဟာ မြို့ရဲ့မြောက်ဘက်ခြမ်း(ဗလမင်းထင်တံတားအထက်ပိုင်း)၊ ဧရာဝတီမြစ်တစ်လျှောက်က ကျေးရွာတွေသာမက ဂွေထုကျေးရွာအထိ သွားရောက်တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Most read this week

December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...