ကချင်ပြည်၊ ကန်ပိုက်တီမြို့နှင့် ဆဒုံးမြို့အကြား မိုးရက်ဆက်ရွာသွန်းမှုကြောင့် တောင်ပြို၊ လမ်းပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေသလို ကန်ပိုက်တီမြို့အတွင်း၌လည်း ရေဝင်ရောက်မှုများ ဖြစ်ပွားနေသဖြင့် သွားလာရေး အခက်အခဲများ ကြုံတွေ့နေရသည်။
ကန်ပိုက်တီမြို့မှ ဒေသခံတစ်ဦးက “ရေမြောင်းပိတ်သွားလို့လေ။ မိုးတအားရွာတော့ ရေမြန်မြန်ထွက်မသွားလို့ ရေနည်းနည်း ကြီးလာတာဟုတ်တယ်။ မြေပြိုနေလို့လည်း မြစ်ကြီးနားလည်း သွားလို့မရဘူး” ဟု ပြောသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုက်တီနှင့် ဆဒုံးမြို့ကြား လမ်းပိုင်းများ ပြိုကျနေသဖြင့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ သွားလာရန် ခက်ခဲလျက်ရှိသည်။
အဆိုပါ လမ်းပိုင်းပြိုကျမှုမှာ ကျောက်နက်တူးဖော်ရေး လုပ်ကွက်များမှ ပုံထားသည့် မြေစာပုံများကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း ဆဒုံးဒေသခံများနှင့် နီးစပ်သူများထံမှ သိရသည်။
KIO/KIA ဘက်မှ လွန်ခဲ့သည့်ရက်ပိုင်းကစ၍ လမ်းပိုင်းများ ပြန်လည်ကောင်းမွန်စေရန် တတ်နိုင်သလောက် ပြင်ဆင်မှုများ လုပ်ဆောင်နေသော်လည်း မိုးဆက်တိုက်ရွာသွန်းပြီး တောင်များ ဆက်တိုက်ပြိုကျနေမှုကြောင့် အချိန်ကြန့်ကြာမှုများ ရှိနေသည်။
ဒေသခံတစ်ဦးက “လတ်တလောမှာ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် တချို့နေရာတွေမှာက ကွင်းလမ်းတစ်ခု ဖောက်လုပ်ပြီး ကားလေးတွေနဲ့ ဆိုင်ကယ်တွေသွားလာနေကြပေမဲ့ ကားကြီးတွေတော့ သွားလို့မရသေးဘူး” ဟု ပြောသည်။
အချို့သောနေရာများတွင်မူ ကွင်းလမ်းဖောက်လုပ်ရန် နေရာမရှိသဖြင့် ကားနှင့် ဆိုင်ကယ်များပါ လုံးဝသွားလာ၍ မရသည့်အခြေအနေမျိုး ရှိနေသည်။
ကန်ပိုက်တီ - ဝိုင်းမော်လမ်းပိုင်းမှာ နှစ်စဉ် တောင်ပြိုမှုများရှိသော်လည်း ယခုနှစ်တွင်မူ အရင်နှစ်များထက် ပိုမိုဆိုးရွားစွာ ပြိုကျနေခြင်းဖြစ်သည်။
ထို့ပြင် ဝိုင်းမော် - ချီဖွေလမ်းပိုင်းရှိ ရှငေါ်ကျေးရွာအနားတွင်လည်း မိုးကြီးမှုကြောင့် လမ်းပြိုကျမှုများ ဖြစ်ပွားနေ သဖြင့် ကားလမ်းများ ပြတ်တောက်လျက်ရှိသည်။
အဆိုပါဒေသများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း KIA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ တွင် ချီဖွေမြို့နယ်နှင့် ပန်ဝါဒေသတစ်ခုလုံးကိုပါ ထိန်းချုပ်ထားသည်။







