ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတရွာမှာ အရေပြားယားနာမှုဖြစ်ပွားနေကြတာ လနဲ့ချီရှိနေပြီး ပျောက်ကင်းမှုမရှိသေး

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတရွာမှာ အရေပြားယားနာမှုဖြစ်ပွားနေကြတာ လနဲ့ချီရှိနေပြီး ပျောက်ကင်းမှုမရှိသေး

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ အရေပြားယားနာမှုဟာ လက်ရှိအချိန်ထိ ပျေက်ကင်းမှုမရှိသေးဘဲ အဖြစ်များနေကြတယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။

ကလေး၊ လူငယ် ၊ လူကြီး အသက်အရွယ်မရွေး ဖြစ်ပွားနေကြပြီး ကျောင်းနေအရွယ်ကလေးတွေမှာ ယားနာတာ ပိုအဖြစ်များတယ်လို့ ကျေးရွာခံလူငယ်အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အခုဖြစ်နေတဲ့ဟာက အသက်အရွယ်စုံပဲ။ ဖြစ်တာလည်းကြာပြီလေ။ ကလေး၊ လူငယ်၊ လူကြီး အကုန်ဖြစ်နေကြတာ ခုချိန်ထိပဲ အများစုကို ဖြစ်နေကြတာ။ နည်းနည်းသက်သာပြီးပျောက်တော့မလားပေါ့ ပြီးရင်ပြန်ဖြစ်။”လို့ အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုပါတယ်။

ယားနာမှုပျောက်ကင်းစေနိုင်မယ့် ဆေးဝါးတွေကို ဝယ်ယူသုံးစွဲနေကြတာရှိသလို နယ်လှည့်ကျန်းမာရေးအဖွဲ့တွေဆီကနေ ရရှိနိုင်တဲ့ဆေးဝါးတွေကို မှီဝဲသုံးစွဲနေပေမယ့် သက်သာပျောက်ကင်းတာမျိုးမရှိသေးဘူးလို့ အဆိုပါ ဒေသခံလူငယ်အမျိုးသားတစ်ဦး က ဆက်ပြောပါတယ်။

အဆိုပါ ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ဖူးတဲ့ နေရာဖြစ်ပါတယ်။ လက်ရှိမှာ ကျေးရွာခံအိမ်တိုင်းနီးပါး ပြန်လာနေထိုင်ကြပြီး လူဦးရေ ၈၀၀ ဝန်းကျင်ရှိကာ ယားနာဖြစ်ပွားသူတွေက ထက်ဝက်ခန့်ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ သုံးစွဲရတဲ့ သောက်သုံးရေ မသန့်ရှင်းတာကြောင့်လည်း ယားနာမှု ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

“တစ်ခုရှိတာက အဲ့ရွာက တိုက်ပွဲဖြစ်လို့ ပြန်မနေကြတာ တစ်နှစ်ကျော်တယ် ပြီးတော့ သောက်သုံးဖို့ ရေတွင်းရေကန်က ရေတွေကြောင့် ဖြစ်နိုင်တာပေါ့‌နော်။ ရေကလည်း မသောက်သုံးတာကြာတော့ လက်ရှိ အသုံးပြုနေကြတဲ့ရေက မူလအတိုင်း မသန့်တော့တာကြောင့် ဖြစ်မယ်ပေါ့‌နော်။”လို့ ကျန်းမာရေးကုသမှု ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ယားနာမှု ပျောက်ကင်းဖို့အတွက် လိမ်းဆေး၊ သောက်ဆေးကို သုံးစွဲနေသလို အစားအသောက်လည်း ဆင်ခြင်နေပေမယ့် မပျောက်နိုင်သေးဘူးလို့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဟိုလူကြည့်လည်း ဖြစ်တယ် ဒီလူကြည့်လည်းဖြစ်နေကြတော့ တချို့ဆို ပိုဖြစ်တဲ့လူ ပိုပြင်းထန်နေတဲ့သူဆို ကြည့်ရင်းသနားတာပဲလေ။ ဒါပေမယ့် ဘာမှမလုပ်ပေးနိုင်ကြတာ။ အစာရှောင်သင့်လည်းရှောင်နေတာဘဲ အဲ့ဒါလည်း အခုထိမပျောက်နိုင်ဘူး။”လို့ သူက ပြောပါတယ်။

ကျောင်းနေအရွယ်ကလေးတွေမှာ ပိုမိုကူးစက်မှုရှိနေပြီး ပြင်းပြင်းထန်ထန် ယားနာတဲ့အချိန်တွေမှာ ကျောင်းမသွားဘူးလို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်းအများစုနဲ့ ကျေးရွာတချို့မှာ မိုးရာသီကာလအတွင်း အရေပြားယားနာမှုကို ခံစားကြရပြီး သက်သာပျောက်ကင်းသူရှိကြသလို တချို့မှာတော့ ကူးစက်ဖြစ်ပွားနေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...
June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...
June 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ခုမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပြန်ဆုတ်ပြီးနောက်၊...
May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...