ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နတ်တောင်စစ်ရှောင်စခန်းရှိ မိသားစုများ၏ စားဝတ်နေရေး အခက်အခဲများမှာမူ ပိုမိုဆိုးရွားလာနေပြီး အကူအညီများ မရောက်သည်မှာ ခုနစ်လခန့် ရှိလာပြီဟု စစ်ရှောင်များ က ပြောသည်။
စစ်မြေပြင်နှင့် ပိုမိုနီးကပ်လာနေသည့် အဆိုပါ နတ်တောင်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၀၀ ဝန်းကျင်၊ လူဦးရေ ၄၀၀ ကျော် နေထိုင်လျက်ရှိသည်။
စစ်မြေပြင်နှင့် နီးကပ်လာခြင်းကြောင့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရသည့်အပြင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ မရောက်ရှိသည်မှာလည်း ခုနစ်လခန့် ရှိလာပြီဖြစ်သည်။
လွန်ခဲ့သည့်နှစ်များက စစ်ရှောင်မိသားစုအချို့သည် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် နေ့စားအလုပ် လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင် အနီးအနားကျေးရွာမှ ဒေသခံ များပါ ကိုယ်စီအခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းသွားခဲ့သည်။
စစ်ရှောင်စခန်းကော်မတီ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “အရင်နှစ်ကဆိုရင် များသောအားဖြင့် နေ့စားနဲ့ပဲ ဖြေရှင်းနေကြရတာ များတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ဒေသခံတွေလည်း အခက်အခဲတွေ ကိုယ်စီရှိလာကြ တော့ မငှားနိုင်ကြတော့ဘူး” ဟု ပြောသည်။
ဝင်ငွေလျော့နည်းလာခြင်းကြောင့် စစ်ရှောင်စခန်းအတွင်းရှိ မိသားစုများမှာ နေ့စဉ်စားသောက်မှုကိုပါ လျှော့ချ လာနေကြရသည်။ အိမ်ထောင်စု ၄၀ ဝန်းကျင်ခန့်မှာ နီးစပ်ရာတွင် ချေးငှားပြီး ရပ်တည်နေရသလို၊ ထမင်းချက် သည့် ပမာဏကိုပါ လျှော့ချစားသောက်နေရကြောင်း ဆိုသည်။
စစ်ရှောင်အမျိုးသမီးတစ်ဦးက “တချို့အိမ်တွေကတော့ ချွေတာပြီး စားနေရတယ်။ ထမင်းတွေ အလကား မဖြစ်အောင် ခါတိုင်း ငါးဗူးလောက်ချက်ရင် အခု လေးဗူးပဲ ချက်ပြီး လျှော့စားတာတွေ ရှိတယ်။ ဒီအခြေအနေ မျိုးတွေက အိမ်ခြေ ၄၀၊ ၅၀ ဝန်းကျင်လောက်ထိ ရှိနေတယ်” ဟု ပြောသည်။
စားဝတ်နေရေးအပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ယခင်နှစ်ကကဲ့သို့ စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ ထက်ဝက်ခန့် လျော့ကျသွားသည်။ မိုးကျလာသဖြင့် စိုက်ပျိုးရာသီ ရောက်ရှိလာသော်လည်း လယ်ထွန်စက်ခ၊ မြေဩဇာခနှင့် လယ်ငှားခများ မြင့်တက်လာခြင်းကြောင့် မိသားစုအများအပြား စိုက်ပျိုးရန် လက်လျှော့ခဲ့ရ သည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်က အိမ်ထောင်စု ၁၀၀ လျှင် ၇၀ မှ ၈၀ ဝန်းကျင်အထိ စပါးစိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ထက်ဝက်ခန့်သာ စိုက်ပျိုးနိုင်တော့ကြောင်း ၎င်းက စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။
“ပြီးခဲ့တဲ့နှစ်ဆို အိမ်ခြေ ၁၀၀ မှာ အနည်းဆုံး ၇၀၊ ၈၀ လောက်က စိုက်ဖြစ်တယ်။ အများကြီးမဟုတ်ရင်တောင် ဧကဝက်လောက်တော့ ကြိုးစားစိုက်ကြတယ်။ ဒီနှစ်ကျတော့ အဲဒီလောက် မရှိတော့ဘူး။ ရာခိုင်နှုန်းဝက် လောက်တော့ မစိုက်နိုင်ကြတော့ဘူး။ စက်ခတွေ၊ မြေဩဇာခတွေ၊ လယ်ခတွေ ဈေးကြီးလာတော့ မစိုက်ဖြစ် တာ။ အလှူရှင်လည်း မလာဖြစ်တော့ ပိုပြီးတော့ အခက်အခဲဖြစ်တယ်။”
ရာသီဥတုကောင်းမွန်ပါက သီးနှံများ အောင်မြင်နိုင်သော်လည်း စိုက်ပျိုးရန် အရင်းအနှီးမရှိသည့် စစ်ရှောင် မိသားစုများအတွက်မူ လယ်ယာစိုက်ပျိုးရေးသည် မျှော်လင့်ချက်တစ်ခုဖြစ်သလို စိုးရိမ်စရာတစ်ခုလည်း ဖြစ်နေ သည်။
အလှူရှင်များ မရောက်ရှိသည်မှာ ၇ လဝန်းကျင် ကြာမြင့်လာပြီဖြစ်ရာ နတ်တောင်စစ်ရှောင်စခန်းရှိ မိသားစုများ မှာ အကြွေးချေးငှားခြင်း၊ ထမင်းလျှော့စားခြင်းတို့ဖြင့်သာ နေ့စဉ်ရုန်းကန် ဖြတ်သန်းနေရသည်။







